
နေပြည်တော် မေ ၁၀
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် ကဲဝဲလ်မက်ဒီကယ်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း ဆောင်ရွက်သော လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေ ရောဂါကုဆေးခန်း (ဘောဂသိဒ္ဓိ-၁) ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ရန်မျိုးသန့်စင်လမ်း မြို့မဈေးအနီးရှိ နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင် အဆောက်အအုံ တွင် ကျင်းပသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ရှေးဦးစွာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်တို့က ဆေးခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေး
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှု ဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်အာမခံ အလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းနှင့် ငွေကြေးအကျိုး ခံစားခွင့်များ ခွင့်ပြုထုတ်ပေး ခြင်းတို့ကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ၉၆ ရုံး၊ အလုပ်သမား ဆေးရုံကြီး သုံးရုံ၊ လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၅၆ ခန်း၊ ပုဂ္ဂလိက ဆေးရုံ / ဆေးခန်း ၃၂ ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်း၊ ရွေ့လျားဆေးကုသယာဉ် နှစ်စီးတို့ဖြင့် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်၌ လူမှုဖူလုံရေးစီမံကိန်းအကျုံးဝင် အာမခံအလုပ်သမားများကို ဝန်ဆောင်မှုလုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
လူမှုဖူလုံရေးအဖွဲ့၌ တစ်နိုင်ငံလုံးတွင် အကျုံးဝင် သော အလုပ်ဌာနပေါင်း ၃၃၈၆၈ ဌာနနှင့် အာမခံ အလုပ်သမားပေါင်း ၁၁၀၇၃၃၈ ဦးရှိပြီး နေပြည်တော် ကောင်စီနယ်မြေတွင် အကျုံးဝင် အလုပ်ဌာနပေါင်း ၉၉၂ ဌာနနှင့် အကျုံးဝင်အာမခံအလုပ်သမားပေါင်း ၂၄၃၆၀ ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အာမခံအလုပ်သမားများကို ဆေးကုသ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် မြို့နယ်လူမှုဖူလုံရေး ဆေးခန်း သုံးခန်း၊ ဌာနကြီးဆေးခန်း လေးခန်းနှင့် စာချုပ်ဆေးခန်း နှစ်ခန်းတို့ဖြင့် ဆေးကုသမှုဝန်ဆောင် မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိသော လူမှု ဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူရယူ အသုံးပြုနိုင်စေရန် ရည်ရွယ်ပြီး ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်တွင် လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း တစ်ခန်းကို တိုးချဲ့ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လူမှုဖူလုံရေး-ကဲဝဲလ် ဆေးခန်း (ဘောဂသိဒ္ဓိ-၁)သည် နေပြည်တော် ကောင်စီနယ်မြေအတွက် သုံးခန်းမြောက် စာချုပ် ဆေးခန်းဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ အကျုံးဝင်အာမခံအလုပ်သမားများ ဝန်ဆောင်မှု ရယူနိုင်သည့် ဆေးခန်း ၁၀ ခန်း ရှိပြီးဖြစ်ကြောင်း၊ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းများတွင် အထွေထွေ ရောဂါကုသမှု (OPD Care) သာမက သားဖွား/ မီးယပ် ပြင်ပလူနာကုသမှု (Specialist OG OPD Care) ဝန်ဆောင်မှု ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တနင်္လာနေ့မှ စနေနေ့အတွင်း နံနက် ၈ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ကုသ ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ စာချုပ်ဆေးခန်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား သည်။
ဆေးကုသနေမှုကြည့်ရှုအားပေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း (ဒက္ခိဏသီရိ)သို့ သွားရောက်၍ ဆေးကုသနေမှုကို ကြည့်ရှုအားပေးပြီး ဆေးခန်းသို့ လာရောက်ဆေး ကုသမှုခံယူသည့် အာမခံအလုပ်သမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးသည်။
စာချုပ်ဆေးခန်းများ ဖွင့်လှစ်
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက် မှုများကို အလွယ်တကူလက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့် ပူးပေါင်း၍ စာချုပ်ဆေးခန်းများ ဖွင့်လှစ်ကာ ဝန်ဆောင်မှု ထောက်ပံ့ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် Capitation Payment စာချုပ် ဆေးခန်း ၂၁ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၁၁ ခန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကာ အာမခံ အလုပ်သမားများ လက်လှမ်းမီသောနေရာများတွင် ဆေးခန်းများ ဆက်လက်တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်