ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မေ ၄

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဒုတိယဝန်ကြီး (ယဉ်ကျေးမှု)၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

စစ်ဆေးစဉ် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ၏ မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့်အဆောက်အအုံ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်း၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အမျိုးသားစာကြည့်တိုက် (နေပြည်တော်) အဆောက်အအုံ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းတွင် ကျန်ရှိသည့်လုပ်ငန်းများကို မေလအကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာဖတ်သူများ ပျော်ရွှင်စွာလေ့လာဖတ်ရှုနိုင်သည့်နေရာဖြစ်အောင် ဖန်တီးထားရန်လိုကြောင်း၊ စာကြည့်တိုက်၏ ပတ်ဝန်းကျင်တွင် စာလာရောက်ဖတ်ရှုမည့်သူများ အပန်းဖြေနိုင်ရန်အတွက် ကော်ဖီအရောင်းဆိုင်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ စာဖတ်သူဦးရေကို ယခုလာရောက်ဖတ်ရှုသည့်နှုန်းထားထက် ပိုမိုမြင့်တက်လာစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ စာကြည့်တိုက်၏ ပုံမှန်လုပ်ငန်းဖြစ်သည့် Digitization လုပ်ငန်းများကိုလည်း အရှိန်မြှင့်တင်ရန်လိုအပ်ကြောင်း။

နိုင်ငံတော်သမ္မတက ပညာရေးအဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေ သည့်အတွက် စာကြည့်တိုက်များသည်လည်း ပညာရေးမြှင့်တင်ခြင်းတွင် ပါဝင်နေခြင်းကြောင့် စာကြည့်တိုက်များတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပညာသည် စာထဲတွင်ရှိသည့်အတွက်ကြောင့် စာဖတ်ရန်လိုအပ်ပါကြောင်း၊ စာဖတ်သူဦးရေတိုးတက်လာစေရန် အမျိုးသားစာကြည့်တိုက်များ၏ လှုပ်ရှားမှုများကို Social Media များတွင် တင်ပြခြင်း၊ မြဝတီရုပ်မြင်သံကြားနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်တို့မှတစ်ဆင့် Talk Show များ၊ Interview များရိုက်ကူး၍ အများပြည်သူများသိရှိ နိုင်စေရန် ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) အဆောက်အအုံအတွင်းရှိ တက္ကသိုလ်မြတ်သူ စာစုခန်း၊ Donor Collection ၊ ကလေးစာဖတ်ခန်း၊ Data Center ၊ အာဆီယံစာစုခန်း၊ ပေပြကွက်၊ e-Library ၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်းများ၊ ပေပုရပိုက်ခန်းနှင့် သုတေသနဌာနခွဲရုံးခန်းများသို့ လှည့်လည်ကြည့်ရှုပြီး စာကြည့်တိုက်အသုံးပြုသူများ ပိုမိုများပြားလာစေရေး ဆောင်ရွက်ရန်၊ စာအုပ်စာစောင်များအား Digital Format ပြုလုပ်ခြင်း လုပ်ငန်းအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်၊ အဆောက်အအုံအတွင်းနှင့် စာပေပစ္စည်းများ ပိုးမွှားအန္တရာယ်ကင်းဝေးစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်