
နေပြည်တော် ဩဂုတ် ၃
ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းအား ရှင်းလင်းတင်ပြ ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
ရှင်းလင်းတင်ပြပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက ယခုကာလသည် ကိုဗစ် - ၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုပြင်းထန်နေချိန်ဖြစ်သည့်အတွက် ရုံးရက် ရှည်ပိတ်ထားသော်လည်း လုပ်ငန်းများလစ်ဟာမှုမရှိစေရေးနှင့် လက်ရှိလုပ်ငန်းများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ အစီအမံများ နှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်ဆောင် ရွက်ကြရန်လိုကြောင်း၊ အိမ်စောင့်အစိုးရ စတင် တာဝန်ထမ်းဆောင်သည့်ကာလတွင် ပြန်ကြားရေး ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများသည် မူဝါဒကို ပြောင်းလဲခြင်းမဟုတ်ဘဲ တင်ဆက်ပုံများကို ပိုမို ဆန်းသစ်အောင် ပြောင်းလဲဖန်တီးရမည်ဖြစ်ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် အနေအထားအပြင် အိမ်စောင့်အစိုးရ၊ လက်ရှိအခြေအနေနှင့် ကိုက်ညီ သည့်တင်ဆက်မှု၊ ဆောင်ရွက်မှုများကို စဉ်းစား သုံးသပ်ဆွေးနွေးပေးကြစေလိုပါကြောင်း။
မီဒီယာဖြစ်သည့်အတွက် အချိန်ဆိုင်း၍မရပါ ကြောင်း၊ အချို့ကိစ္စများသည် သွက်သွက်လက်လက် မြန်မြန်ဆန်ဆန်ဆောင်ရွက်ရမည်၊ မြန်ရမည်၊ မှန်ရ မည်ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတော်အဆင့်ဌာနတစ်ခုဖြစ်ပြီး ဝန်ထမ်းကိစ္စ၊ မူဘောင်ကိစ္စများကို ယခင်အတိုင်း ဆောင်ရွက်ရ မည်ဖြစ်သော်လည်း ပြောင်းလဲ၍ ရသည်များကို ပြောင်းလဲမည်ဖြစ်ပါကြောင်း၊ မူဝါဒကို ထိန်းထားရ မည်ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း ဖျော်ဖြေမှု အသွင်ဖြင့် ပေါင်းစပ်ရမည်ဖြစ်ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာကဏ္ဍအနေဖြင့် ခိုင်ခိုင်မာမာ မှန်မှန်ကန်ကန် သတင်းများဖော်ပြ၍ နိုင်ငံတော်၏ ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အလားတူ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းကာ လက်တွဲဆောင်ရွက်ခြင်းဖြင့် အနာဂတ်နိုင်ငံတော် အတွက် အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပိုမိုဆန်းသစ်သည့် ပြောင်းလဲမှုများဖြင့် ဆောင်ရွက်လိုသည့်အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးရဲတင့်က ပြန်ကြား ရေးဝန်ကြီးဌာနအောက်ရှိ မီဒီယာများအနေဖြင့် အသိပညာပေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်ရေး ဆောင်ရွက်နေသည့်အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးတို့က ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။
သတင်းစဉ်