
ရန်ကုန် စက်တင်ဘာ ၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ပုံနှိပ်မီဒီယာကိုအလေးထား
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဗဟိုပုံနှိပ် စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အမှာစကားပြောကြားရာတွင် ဗဟိုပုံနှိပ် စက်သည် ယခင်ကတည်းက နိုင်ငံတော်၏ သမိုင်းဝင် မှတ်တမ်းများ၊ စာအုပ်စာတမ်းများကို ပုံနှိပ်ထုတ်ဝေ ခဲ့သည်ဟု သိရပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပုံနှိပ်မီဒီယာကို အင်မတန်အလေးထား အားပေးပါ ကြောင်း၊ မိမိတို့ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာရှိရှိ တာဝန်သိသိနှင့် ပုံနှိပ်မီဒီယာ မှတစ်ဆင့် ပြည်သူများအား အတွေးမှန်၊ အသိမှန်များ ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ လူငယ်များကို ပုံနှိပ်မီဒီယာဖြင့် ဆွဲဆောင်၍ အနာဂတ်ဒီမိုကရေစီ လမ်းကြောင်းပေါ်သွားရာတွင် မှန်ကန်သော အတွေး အခေါ်၊ မှန်ကန်သောအသိများ ပေးစေလိုကြောင်း၊ လာမည့်ကာလများတွင် ပုံနှိပ်မီဒီယာလုပ်ငန်းများကို သမားရိုးကျ ဆောင်ရွက်မနေဘဲ ခေတ်နှင့်လျော်ညီ သည့် ပုံနှိပ်မီဒီယာဖြစ်အောင် ပြောင်းလဲဆောင်ရွက် သွားကြရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဝန်ထမ်းများကလည်း ပုံနှိပ်မီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က စက်ရုံ သမိုင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟိုပုံနှိပ်စက်ရုံ CTP ခန်း၊ Heidelberg စက်ခန်းတွင် ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရွက်ထိုးစက် စက်ကြံ့ခိုင်ရေးဆောင်ရွက်နေမှုနှင့် စာအုပ်ချုပ်ခန်း တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်