ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဩဂုတ်  ၂

 


ပြန်ကြားရေးဝန်ကြီးဌာနနှင့်  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  ပြန်ကြားရေးဝန်ကြီးဌာန  အစည်း အဝေးခန်းမ၌  ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်၊၊
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊  အမြဲတမ်း အတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊  ဦးဆောင် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 


ပိုမိုကောင်းမွန်အောင်

 


တွေ့ဆုံပွဲတွင်  ပြည်ထောင်စုဝန်ကြီးက  ဌာန ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်  လုပ်ငန်းတာဝန် ထမ်းဆောင်ရာ၌ စေတနာဖြူဖြူစင်စင်ဖြင့် ပြည်သူ့ အတွက်၊ ဌာနအတွက် လုပ်ဆောင်သင့်သည်များကို ဆောင်ရွက်သွားစေလိုကြောင်း၊  ယခင် ခြောက်လတာ ကာလဆောင်ရွက်ခဲ့သည့် အောင်မြင်မှုများအပေါ် မိမိတို့အနေဖြင့်  ပိုမိုကောင်းမွန်အောင်  ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ 

 


မီဒီယာကဏ္ဍသည်  အရေးကြီးသည့်အတွက် အနာဂတ်ကာလ၌ သတင်းထုတ်ပြန်ရာတွင် လျင်မြန် မှန်ကန်ပြီး ခေတ်နှင့်လျော်ညီကာ သစ်လွင်တက်ကြွ နေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ လူထုအတွက်  အသိပေးသင့်သည့် သတင်းအချက် အလက်များကို  အချိန်နှင့်တစ်ပြေးညီ  ထုတ်ပြန် နိုင်ရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမရှိအောင်  အတတ် နိုင်ဆုံး   နေထိုင်လုပ်ကိုင်ဆောင်ရွက်သွားကြရန် အလွန်အရေးကြီးပါကြောင်း မှာကြားသည်။

 


မွန်းလွဲပိုင်းတွင်          ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်  မြန်မာ့အသံနှင့် ရုပ်မြင် သံကြားရှိ Conference Room ၌ အရာထမ်း၊ အမှုထမ်း များနှင့်  တွေ့ဆုံပြီး  အဖွင့်အမှာစကားပြောကြားသည်။

 


ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က   လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး   ဒုတိယဝန်ကြီး  ဦးရဲတင့်က လိုအပ်သည်များ ဖြည့်စွက်တင်ပြသည်။

 


ဆွေးနွေးမှာကြား

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးက  ရှင်းလင်း တင်ပြချက်များအပေါ်  ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပြည်သူစိတ်ဝင်စားမှုရှိစေရေးအတွက်  အနာဂတ် ကာလ၌  သတင်းထုတ်ပြန်မှုအပါအဝင်  အစီအစဉ် များအား ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရေး၊ ခေတ်နှင့်လျော်ညီပြီး သစ်လွင်နုပျိုသည့် တက်တက် ကြွကြွနှင့် ဂုဏ်သိက္ခာရှိသော ထုတ်လွှင့်မှုများဖြစ် စေရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

 


ယင်းနောက်     ပြည်ထောင်စုဝန်ကြီးသည် Convergence   News  Room ၊   Presentation Rooms ၊ TV Master Control Room ၊ News Studio ၊ NRCS ၊ Radio Master Control Room ၊ 9 Meter Earth Station ၊  ဓာတ်ပြားတိုက် ၊ On Air Rooms ၊ Auditorium ၊ စိန်ရတုပြခန်းနှင့်  စိန်ရတုပြတိုက် ဆောက်လုပ်နေမှုအခြေအနေများကို    လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ (အပေါ်ဝဲပုံ)      

 

 သတင်းစဉ်