
နေပြည်တော် ဧပြီ ၂၂
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့သည် AP သတင်းဌာန၊ ရိုက်တာသတင်းဌာန၊ South China Morning Post သတင်းဌာနနှင့် Straits Times သတင်းဌာန၊ China Central Television(CCTV) သတင်းဌာန၊ People’s Daily သတင်းဌာနနှင့် ဆင်ဟွာသတင်းဌာနတို့မှ သတင်းထောက်များကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမများ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံ ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
ဆက်လက်၍ Straits Times သတင်းဌာန၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူအသစ်များ ရှာဖွေနေသည်ဟု သိရှိထားပါကြောင်း၊ လတ်တလော ထုတ်ပြန်ချက်သည် ရင်းနှီးမြှုပ်နှံ မည့်သူများအတွက် မကောင်းပါကြောင်း၊ ဘာကြောင့် ယခုကဲ့သို့ ထုတ်ပြန်သည်ကို ရှင်းလင်းပြောကြားပေးစေလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြန်လည်ဖြေကြား ရာတွင် ပြည်တွင်းကျပ်ငွေလဲလှယ်မှုနှုန်းထား မတည်ငြိမ်ခြင်းကြောင့် အချို့သောစီးပွားရေးလုပ်ငန်းများကို ထိခိုက်လာသည့်အတွက် ငွေကြေးလဲလှယ်မှုနှုန်းထား တည်ငြိမ်စေရန် အဓိကရည်ရွယ်ချက် ထားပြီး ကနဦးခြေလှမ်းအဖြစ် ယခုလ ၄ ရက်က ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုကြီးကြပ် ရေးကော်မတီကိုလည်း အစိုးရက ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကြေညာ ချက်ထုတ်ပြန်ပြီးနောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများစွာရှိခဲ့ပြီး ဝေဖန်ပြောဆိုမှုများစွာလည်း ရှိခဲ့ပါ ကြောင်း၊ သို့အတွက် ကော်မတီအနေဖြင့် သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းနှင့် နိုင်ငံခြားငွေကြေးလဲလှယ်မှုဆိုင်ရာ လုပ်ငန်းစဉ် များကို ကြီးကြပ်ကိုင်တွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီ သည် ရက်သတ္တတစ်ပတ်လျှင် (၃) ကြိမ် အစည်းအဝေးပြုလုပ်ပြီး နိုင်ငံတွင်းငွေကြေးလဲလှယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်းနှင့် ပြဿနာရပ်များ အဖြေရှာခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လည်းကောင်း၊ စီးပွားရေးလုပ်ငန်း အသိုက်အဝန်းများနှင့်လည်း ကောင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယမန်နေ့ကပင် အထူး စီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံသူများ၊ UMFCCI ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ၎င်းတို့ တွေ့ကြုံနေရသည့် အခက်အခဲများကို နားထောင်ကာ နည်းလမ်းရှာကူညီဖြေရှင်းပေးလျက်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကြေညာချက် ထုတ်ပြန်အပြီး နိုင်ငံတွင်းစီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက် မှုများကို အတတ်နိုင်ဆုံးလျှော့ချပေးနိုင်ရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကော်မတီသည် ပြီးခဲ့သည့်ရက်သတ္တပတ်က အစည်း အဝေး သုံးကြိမ်ကျင်းပခဲ့ရာ အချို့သောနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အထူးစီးပွားရေးဇုန်ရှိ လုပ်ငန်း များကို ဗဟိုဘဏ်ကြေညာချက်မှ ကင်းလွတ်ခွင့်ပြုရန် ဆုံးဖြတ်ချက် ချမှတ်ပေးခဲ့ပါကြောင်း။
ကင်းလွတ်ခွင့်ပေးရန် ဆုံးဖြတ်ချက်ချ
ထို့ပြင် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများကိုလည်း ဗဟိုဘဏ်ကြေညာချက်မှ ကင်းလွတ်ခွင့်ပေးရန် ဆုံးဖြတ်ချက်ချမှတ် ပေးခဲ့ပါကြောင်း၊ နိုင်ငံခြားသံရုံးများ၊ INGOs နှင့် NGOs များကိုလည်း ကင်းလွတ်ခွင့်ပေးပါကြောင်း၊ အဆိုပါကြေညာချက်ကြောင့် ဆိုးကျိုး သက်ရောက်မှု အနည်းအများရှိနိုင်သည်ကို သိရှိသည့်အတွက် နေ့စဉ်လေ့လာသုံးသပ်မှုများပြုလုပ်ပြီး အကောင်းဆုံးဖြေရှင်းပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကာလသည်အစပြု ပြုပြင် ပြောင်းလဲသည့်ကာလဖြစ်သောကြောင့် အကျုံးဝင်ပါဝင်ကြသူ အားလုံးအတွက် အကောင်းဆုံးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။
Straits Times သတင်းဌာန၏ ကင်းလွတ်ခွင့်သည် ရင်းနှီးမြှုပ်နှံမှု အသစ်ဝင်ရောက်လာသူများအတွက်လား၊ လက်ရှိရင်းနှီးမြှုပ်နှံထားကြသူများရော ပါဝင်ပါသလား၊ ကင်းလွတ်ခွင့်ရရှိရန် လျှောက်ထားရန် လိုပါသလား မည်သို့ဆောင်ရွက်နေပါသလဲဆိုသည့် မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဖြေကြားရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်နှင့် လက်ရှိရင်းနှီးမြှုပ်နှံကြသူများ ပါဝင်ကြောင်း၊ အဆိုပါလုပ်ငန်းတို့ကို ဗဟိုဘဏ်ကြေညာချက်ကြောင့် အပိုဆောင်း ထိခိုက်မှုမရှိစေရန် အဓိကထားပါကြောင်း၊ ကြီးကြပ်ရေးကော်မတီ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေစဉ်ကာလအတွင်း အပြန်အလှန်သုံးသပ်မှုများ အမြဲပြုလုပ်နေပြီး တိုးတက်အောင်မြင်ရန် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း ဖြေကြားသည်။
Straits Times သတင်းဌာန၏ ကြေညာချက်သည် အချိန်ကာလ တစ်ခုလား အမြဲဆက်လက်တည်ရှိသွားမည်လား ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဖြစ်ပေါ်တိုးတက် လာသည့် အခြေအနေအပေါ်တွင် မူတည်ပါကြောင်း၊ ကြေညာချက် သည် ဗဟိုဘဏ်ထုတ်ပြန်ချက်ဖြစ်ပြီး ကင်းလွတ်ခွင့်သည် အစိုးရက ဖွဲ့စည်းသည့် ကော်မတီတစ်ရပ်က အခြေအနေအပေါ်မူတည်၍ ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်ကြောင်း၊ မြန်မာကျပ်ငွေလဲလှယ်မှု နှုန်းထား တည်ငြိမ်မှုအခြေအနေအပေါ်မူတည်ပြီး တားမြစ်မှုများ ရုပ်သိမ်းနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ငွေကြေးလဲလှယ်မှုနှုန်းထား အလွန်အမင်းပြောင်းလဲ
ငွေကြေးလဲလှယ်မှုနှုန်းထားတည်ငြိမ်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်း ကို ပြန်လည်ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးက ငွေကြေးလဲလှယ်မှုနှုန်းထား မတည်ငြိမ်သည့် အခြေအနေကို ကြည့်လျှင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ဒေါ်လာကို ၁၃၅၀ ကျပ်နှုန်းထားရှိခဲ့ပါကြောင်း၊ သို့သော် ပြီးခဲ့သည့်လက ၂၀၀၀-၂၀၅၀ ကျပ်အထိ ဖြစ်ခဲ့ပါကြောင်း၊ ယင်းကိုကြည့်လျှင် ငွေကြေး လဲလှယ်မှုနှုန်းထား အလွန်အမင်းပြောင်းလဲသွားသည်ကို တွေ့ကြ ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ငွေကြေးလဲလှယ်မှုနှုန်းထား တည်ငြိမ်မှုရှိစေရန် အဆိုပါကြေညာချက်ကို ဗဟိုဘဏ်က ထုတ်ပြန် ရခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။
ပြည်တွင်းဆီပြတ်လပ်မှု လုံးဝမဖြစ်ပေါ်နိုင်
ထို့နောက် AP သတင်းဌာန၏ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတချို့၏ ဖက်စပ်လုပ်ငန်းများမှ နုတ်ထွက်ခြင်းကြောင့် သဘာဝဓာတ်ငွေ့နှင့် သို့မဟုတ် လောင်စာဆီပြတ်လပ်မှုနှင့် ရင်ဆိုင် နေရပါသလား။ ဖြစ်ပေါ်နေသည့်ပြဿနာက ဘယ်လောက်ထိသိသာ နေပါသလဲ။ ယင်းအခြေအနေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တိုးတက်အောင်မည်သို့ ဆောင်ရွက်ပေးနေပါ သလဲ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအချို့၏ ဖက်စပ် လုပ်ငန်းများမှ နုတ်ထွက်ခြင်းကြောင့် လက်ရှိတွင် သဘာဝဓာတ်ငွေ့နှင့် လောင်စာဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပါကြောင်း၊ လူမှုကွန်ရက် မီဒီယာများတွင် ပျံ့နှံ့နေသည့် သီလဝါဆီသိုလှောင်ကန်စခန်းများ အတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်ဆိုသည့် ကောလာဟလမှာ သတင်းမှားဖြစ်ပါကြောင်း၊ ပြည်တွင်းတွင် ဓာတ်ဆီ အနေနှင့် ဆီလက်ကျန်ဂါလန်သန်းပေါင်း ၄၅ သန်းခန့်နှင့် ဒီဇယ် ဂါလန်သန်းပေါင်း ၇၀ ခန့်ရှိပါကြောင်း၊ သင်္ကြန်ပိတ်ရက်အတွင်း ဆီမချရသေးသည့် သင်္ဘောနှစ်စင်းလည်းရှိပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းဆီပြတ်လပ်မှု လုံးဝမဖြစ်ပေါ်နိုင်ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လစ်လပ်လျက် ရှိသော ကုန်းပိုင်းလုပ်ကွက် ၂၁ ကွက်နှင့် ကမ်းလွန်လုပ်ကွက် ၂၁ ကွက်တို့တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာနှင့် အရင်းအနှီး မြင့်မားသည့် ပြည်တွင်း / ပြည်ပ ရေနံကုမ္ပဏီများဖြင့် ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားရေးစာချုပ်(Production Sharing Contract-PSC) ချုပ်ဆို၍ ဆောင်ရွက်နိုင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူနိုင် ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခွင့်ပြုချက်ရယူပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။
စီမံကိန်းကြီးလေးခုရှိ
ကမ်းလွန်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများကို နိုင်ငံခြားရေနံကုမ္ပဏီများနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် များ ချုပ်ဆိုဆောင်ရွက်ရာတွင် ရတနာစီမံကိန်း၊ ရဲတံခွန်စီမံကိန်း၊ ရွှေစီမံကိန်း၊ ဇောတိကစီမံကိန်း စသည့်စီမံကိန်းကြီးလေးခု ရှိပါ ကြောင်း။
ရတနာသဘာဝဓာတ်ငွေ့မြေမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း သဘာဝ ဓာတ်ငွေ့ ၂၁၉၉၀ ဒသမ ၉၀ ကုဗပေသန်းထွက်ရှိခဲ့ပါကြောင်း၊ Partial Shuttdown ကာလအတွင်း ပြည်တွင်းနှင့် ပြည်ပသို့ သဘာဝ ဓာတ်ငွေ့ဖြန့်ဖြူးပေးလျက်ရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်အတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု/ ပို့လွှတ်မှုများကို ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ ထိုင်းနိုင်ငံသို့ ပုံမှန်ပြန်လည်ပို့လွှတ်ပေးလျက်ရှိပါကြောင်း။
ရဲတံခွန်သဘာဝဓာတ်ငွေ့မြေမှ ထိုင်းနိုင်ငံသို့ ၂၀၀၀ ပြည့်နှစ်မှစ၍ ၂၄ လက်မပိုက်လိုင်းဖြင့် နေ့စဉ်တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊
ရခိုင်ကမ်းလွန်လုပ်ကွက်ဖြစ်သော ရွှေစီမံကိန်းမှ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်း၍ ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လမှ စ၍ တင်ပို့လျက်ရှိရာ လုပ်ငန်းပြီးစီးမည့်နေ့သည် ၂၀၄၃ ခုနှစ် ဖြစ်ပါ ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း သဘာဝဓာတ်ငွေ့ ၁၆၀၉၂ ဒသမ ၉၉ ကုဗပေသန်း ထွက်ရှိခဲ့ပါကြောင်း၊ မုတ္တမကမ်းလွန်လုပ်ကွက် ဖြစ်သော ဇောတိကစီမံကိန်းမှလည်း ၂၀၁၄ ခုနှစ် ဩဂုတ်လမှစ၍ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့စတင်ပို့လွှတ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လအတွင်း သဘာဝဓာတ်ငွေ့ ၉၁၄၀ ဒသမ ၈၈ ကုဗပေသန်း ထွက်ရှိ ပေးပို့ခဲ့ပါကြောင်း။
UNFCC ၏ ဆုံးဖြတ်ချက်နှင့် ပါရီသဘောတူညီချက်နှင့်အညီ မြန်မာနိုင်ငံသည် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချ ရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် NDC တွင် နိုင်ငံ၏ စွမ်းဆောင် ရည်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်အရ နိုင်ငံတကာအထောက်အပံ့များရရှိပါက ဆောင်ရွက်မည့်ရည်မှန်းချက် (၂) ရပ်ဖြင့် စုစုပေါင်း နိုင်ငံတွင်းဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ရည်မှန်းချက်အနေဖြင့် BAU ပမာဏမှ ၂၀၃၀ ခုနှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၁၀၅ ဒသမ ၂၄ သန်း လျှော့ချသွားမည်ဖြစ်ကြောင်း။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် ရေမြေတောတောင် သဘာဝအရ ပြည့်ဖြိုးမြဲစွမ်းအင်များ ပေါများသည့်အတွက် ပြည်ပ နည်းပညာအကူအညီများရယူ၍ ရေတို/ ရေရှည်စီမံကိန်းများပြီးစီးပါက ပြည်တွင်းတွင် သဘာဝဓာတ်ငွေ့နှင့် လောင်စာဆီပြတ်လပ်မှု အခက် အခဲများ ရှိလာတော့မည် မဟုတ်ပါကြောင်း ဖြေကြားသည်။
စီမံကိန်းများကို အတည်ပြုစာချုပ် ချုပ်ဆိုထား
ယင်းနောက် AP သတင်းဌာနက ဖင်လန်ကုမ္ပဏီနှင့် သဘာဝ ဓာတ်ငွေ့ ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှစ်ခု တည်ဆောက်ရေးစီမံကိန်းစာချုပ် ချုပ်ဆိုသည့်သတင်း မှန်မမှန်နှင့် တရုတ်နိုင်ငံနှင့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း အမြောက်အမြားရှိပါ ကြောင်း၊ အချို့မှာ စတင်ရန်ရှိနေပြီး အချို့မှာ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြပြီဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက အဆိုပါစီမံကိန်းများကို အတည်ပြုစာချုပ် ချုပ်ဆို ထားခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းအများစုမှာ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွင်ဖြစ်ပြီး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုစီမံကိန်း စုစုပေါင်း ၁၃ ခု ရှိပါကြောင်း၊ ရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ယခုအချိန်၌ မြန်မာနိုင်ငံတွင် လျှပ်စစ်မီး အလုံအလောက်ရရှိရေးအတွက် အလယ်အလတ်အဆင့် ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ ပြီးခဲ့သည့် အစိုးရ အဆက်ဆက်တွင် စီမံကိန်းတချို့ကို တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက အဆိုတင်သွင်းခဲ့ပါကြောင်း၊ သို့သော် ဆွေးနွေး မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး အစိုးရ၏ အတည်ပြုချက်မရရှိ သေးသည့် အနေအထားမှာပင်ရှိကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် စီမံကိန်းများ ဆောင်ရွက်ရန် မကြာမီအတည်ပြုချက်များ ရရှိလာမည်ဟု မျှော်လင့်ပါကြောင်း ဖြေကြားသည်။
LNG စီမံကိန်းများရပ်ဆိုင်းသည်မှာ မှန်ကန်
LNG projects နှင့် energy companies များ ထွက်ခွာမှုတို့နှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက စျေးနှုန်းအဆမတန် မြင့်မားလာမှုကြောင့် LNG စီမံကိန်းများရပ်ဆိုင်း သည်မှာ မှန်ကန်ပါကြောင်း၊ စီးပွားရေးတွက်ခြေကိုက်မှု မရှိသည့် အတွက် လွန်ခဲ့သည့်လအနည်းငယ်ခန့်ကပင် ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော် ကုမ္ပဏီတစ်ခုက LNG project ရင်းနှီးမြှုပ်နှံမှု တစ်ခု MIC သို့ ကမ်းလှမ်းတင်ပြထားပါကြောင်း၊ MIC က မကြာမီ အတည်ပြုမည်ဟု မျှော်လင့်ရပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကို Liquefied Natural Gas-LNG မှ အဓိကရယူမည်ဖြစ်ပြီး စီမံကိန်းများ ဆက်လက်ဆောင် ရွက်ရန်ရှိပါကြောင်း၊ စျေးနှုန်းများကျဆင်းလာပါက ရပ်ဆိုင်းထားသည့် LNG စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ ပြန်လည်စတင်မည်ဖြစ်ပါ ကြောင်း၊ Petronas စသည့် စွမ်းအင်ကုမ္ပဏီများ ပြန်လည်ထွက်ခွာ သွားခြင်းနှင့်ပတ်သက်ပြီး ပြဿနာအကြီးအကျယ်မရှိဘဲ စာချုပ်ပါ စည်းမျဉ်းများအရ ကျန်သည့်အစုရှယ်ယာရှင်များက နေရာဝင်ယူ၍ လုပ်ငန်းများ ဆက်လက်လည်ပတ်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများ ဆက်လက်တည်ရှိနေမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံစီမံကိန်း ဆက်လက် ဆောင်ရွက်နေခြင်း ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဧရာဝတီတိုင်းဒေသကြီး မီးလင်းချိုင်တွင် အဆိုပါ စီမံကိန်းဆောင်ရွက်ရန် MIC အတည်ပြုခွင့်ပြုချက်ရှိပြီးဖြစ်၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းသည် အကြီးစားစွမ်းအင်စီမံကိန်းတစ်ခုဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖြည့်စွက်ပြောကြား ရာတွင် မြန်မာနိုင်ငံမှ ထွက်သွားသည့် ရေနံကုမ္ပဏီများနှင့်ပတ်သက်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ သုံးခုရှိပါကြောင်း၊ ထိုသို့ ထွက်သွား ရသည့်အကြောင်းရင်းမှာ လုပ်ငန်းများပြီးဆုံးပြီး ရှာဖွေမှုတွက်ခြေ မကိုက်မှု၊ လက်ရှိအစိုးရအပေါ် မကျေနပ်မှုနှင့် ပြင်ပဖိအားပေးခြင်း ခံရမှုများကြောင့် ဖြစ်နိုင်ပါကြောင်း၊ အဓိကအားဖြင့် ၎င်းတို့ဆောင်ရွက် နေသည့် လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့များထုတ်လုပ်မှု ကျဆင်းလာပြီး နှစ်အနည်းငယ်တွင် ထုတ်လုပ်မှုများ ပိုမိုကျဆင်းတော့ မည်ဖြစ်သည့်အတွက် ထွက်သွားလိုခြင်း ဖြစ်နိုင်ပါကြောင်း၊ လူ့အခွင့် အရေးသည် အကြောင်းပြချက်သာဖြစ်ပြီး အကျိုးအမြတ်ကျတော့မည်၊ ကန်ထရိုက်သက်တမ်း ကုန်တော့မည်ဖြစ်သည့်အတွက် ထွက်သွား ခြင်းသာဖြစ်ပါကြောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ရာခိုင်နှုန်းအနည်းငယ်လောက်သာ ထွက်ခွာသွားခြင်းဖြစ်သည့် အတွက် စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွင် ကြီးမားသည့် သက်ရောက် မှုနှင့် ထိခိုက်ဆုံးရှုံးမှုမရှိပါကြောင်း။
ယခုလို ထွက်သွားသည့်အတွက် ရင်းနှီးမြှုပ်နှံမှုတွင် ကြီးကြီး မားမား သက်ရောက်မှုနှင့် ဆုံးရှုံးမှုများမရှိပါကြောင်း၊ ယခုထွက်သွား သည့် ရေနံလုပ်ကွက်များကိုလည်း ထိုင်းနိုင်ငံ PTT(EPI) ကုမ္ပဏီနှင့် ကိုရီးယားနိုင်ငံ POSCO တို့က လုပ်ထုံးလုပ်ငန်းများနှင့်အညီ လွှဲပြောင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ထိုင်းနိုင်ငံကုမ္ပဏီမှ မဟုတ်ဘဲ နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းစေမည့် မည်သည့်နိုင်ငံမှ ကုမ္ပဏီနှင့်မဆို မိမိတို့အနေဖြင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
လုပ်ငန်းများ ထိခိုက်နစ်နာမှုမရှိစေလို
Reuters သတင်းဌာန၏ ငွေလဲလှယ်နှုန်းထားကြေညာချက်မှ ကင်းလွတ်ခွင့် ရရှိခြင်း ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ မေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဖြေကြားရာတွင် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်နေကြသည့် ထိုင်း၊ စင်ကာပူ နှင့် ဂျပန်သံရုံးများအပြင် အမေရိကန်နှင့် အချို့သော အနောက်နိုင်ငံ သံရုံးများက ၎င်းတို့နိုင်ငံမှ ကုမ္ပဏီများအတွက် ကြေညာချက်မှ ကင်းလွတ်ခွင့်တောင်းဆိုခဲ့ကြ၍ နိုင်ငံခြားငွေလဲလှယ်မှုကြီးကြပ်ရေးကော်မတီက အစည်းအဝေးကျင်းပကာ ဆုံးဖြတ်ချက်သုံးရပ် ချမှတ် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရှိ သံရုံးများအားလုံးနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အစည်းများအားလုံး ကင်းလွတ်ခွင့်ရရှိခြင်း၊ ဒုတိယအနေဖြင့် အထူး စီးပွားရေးဇုန်များတွင် ယင်းနိုင်ငံတို့မှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပါက ကင်းလွတ်ခွင့်ရရှိခြင်းနှင့် တတိယ MIC ခွင့်ပြုထား သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအားလုံး ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် PTT သည် MIC ခွင့်ပြုချက် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့်အတွက် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုလိုလားသည့်အတွက် ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းများ ထိခိုက် နစ်နာမှု မရှိစေလိုကြောင်း၊ ထို့ကြောင့် MIC ခွင့်ပြုချက်ရရှိထားသည့် လုပ်ငန်းများနှင့် အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းများ ကင်းလွတ်ခွင့်ရရှိကြမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန်မှာ သီလဝါဖြစ်ကြောင်း ဖြေကြားသည်။
မြန်မာ-အိန္ဒိယ ငွေကြေးတိုက်ရိုက်ပေးချေမှု လုပ်ငန်းစဉ်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နှစ်နိုင်ငံဆွေးနွေးမှုများရှိနေပြီး ညှိနှိုင်းဆောင်ရွက်မှုအပိုင်းကို ဗဟိုဘဏ်က ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
လျှပ်စစ်ဓာတ်အားလျော့နည်းရခြင်းသည် LNG ဓာတ်ငွေ့စျေးနှုန်း မြင့်တက်ခြင်းနှင့် မဟာဓာတ်အားတိုင်များ
အကြမ်းဖက်သမားတို့၏ ဖြိုလှဲခံရခြင်းကြောင့်လား၊ မည်သို့အရေးယူဆောင်ရွက်သည်ကို သိရှိလိုကြောင်း မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက LNG ဓာတ်ငွေ့စျေးနှုန်းမြင့်မားခြင်းသည် အကြောင်းရင်းတစ်ချက် ဖြစ်ပြီး အချို့သော LNG စက်ရုံများ ရပ်ဆိုင်းထားရခြင်းများ ရှိပါ ကြောင်း၊ အကြောင်းရင်း နောက်တစ်ချက်မှာ ဓာတ်အားတိုင်ကြီးများ ဖြိုလှဲခံရခြင်းကြောင့်ဖြစ်ပြီး အစိုးရက ဓာတ်အားတိုင်များကို ပြန်လည် ပြုပြင်နေရဆဲဖြစ်ပါကြောင်း၊ တစ်ဖက်မှာ အခြားစွမ်းအင်ရရှိရာ နည်းလမ်းတစ်ခုဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုများ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများမှ ဓာတ်ငွေ့ရယူနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားသည်။
ငွေကြေးလဲလှယ်မှုနှုန်းထားနှင့် ပြည်ပပို့ကုန်လုပ်ငန်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြန်လည်ဖြေကြားရာတွင် ပြည်ပပို့ကုန်လုပ်ငန်းရှင်များအနေနှင့် လုပ်ငန်းလိုအပ်ချက် နိုင်ငံခြားငွေ FE နှင့် မြန်မာကျပ်ငွေလဲလှယ်မှု၊ ဘဏ်များမှ မြန်မာကျပ်ငွေထုတ်ယူမှုတို့တွင် အခက်အခဲရှိကြပါ ကြောင်း၊ ငွေကြေးလဲလှယ်မှုနှုန်းထား မတည်ငြိမ်မှုကြောင့် ၎င်းတို့၏ လုပ်ငန်းလည်ပတ်ရန် အခက်အခဲများ ရှိကြသည့်အတွက် ဗဟိုဘဏ် က နှုန်းထားတစ်ခုသတ်မှတ်ပြီး အဆင်ပြေချောမွေ့စေရန် ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း၊ သို့သော် ပို့ကုန်လုပ်ငန်းရှင်တချို့၏ ဝေဖန် ပြောဆိုမှုများလည်းရှိကြောင်း၊ ထို့ကြောင့် ရက်သတ္တတစ်ပတ်လျှင် သုံးကြိမ်အစည်းအဝေးကျင်းပပြီး ပြန်လှန်သုံးသပ်မှုများ ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများအပေါ် ဆိုးရွားစွာ ထိခိုက်နစ်နာမှုများမရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် standard operating procedures-SOP တစ်ရပ် ယခုသီတင်းပတ်အတွင်း ထွက်ရှိလာမည် ဖြစ်ပါကြောင်း၊ SOP ထွက်ရှိလာပါက ၎င်းတို့၏ လုပ်ငန်းများ ပိုမို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ
လျှပ်စစ်မီးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက မိမိတို့နိုင်ငံတွင် လူဦးရေ သန်း၆၀ ခန့် ရှိပြီး ရန်ကုန်မြို့တွင် ၆ သန်းကျော်ရှိပါကြောင်း၊ အခြားမြို့များနှင့် ခွဲဝေပြီး အလှည့်ကျ ပေးရသည့်အတွက် မီးပြတ်ခြင်းဖြစ်ပါကြောင်း၊ PDF များက ရေအား လျှပ်စစ်စက်ရုံများကို ဖျက်ဆီးမှုများကြောင့်ဖြစ်ပါကြောင်း၊ ယင်းတို့ကို ပြန်လည်ဖြည့်ဆည်းနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများကို လည်း မဂ္ဂါဝပ် ၄၀ ထွက်ရှိမည့် လက်ပန်လှစီမံကိန်း၊ မဂ္ဂါဝပ် ၃၀ ထွက်ရှိမည့် ညောင်ပင်ကြီးစီမံကိန်းများကိုလည်း ဆောင်ရွက်လျက် ရှိပြီး လုပ်ငန်းများမှာ တစ်ဝက်ကျော်ပြီးစီးနေပြီ ဖြစ်ပါကြောင်း။
နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစီမံကိန်း ၁၈ ခုကိုလည်း တင်ဒါစနစ်ဖြင့် ခေါ်ယူပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ဓာတ်အားရရှိရန် စီမံကိန်း များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ စီမံဆောင်ရွက်လျက်ရှိရာ ဓာတ်အားထုတ်လုပ်မှု ၉ ရာခိုင်နှုန်းကို နေစွမ်းအင်စနစ်ဖြင့် စီမံ ဆောင်ရွက်နေကြောင်း၊ လေစွမ်းအင်ဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်မှ ဓာတ်အားထုတ်လုပ်နိုင်ရန် ရည်မှန်းထားပါကြောင်း၊ ထိုရည်မှန်းချက်ပြည့်မီရန် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၇၀ ထုတ်လုပ် နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်း ၁၃ ခုကိုလည်း စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
အလားတူ မဂ္ဂါဝပ် ၃၉၀ ဓာတ်အားထုတ်လုပ်နိုင်မည့် စီမံကိန်း သုံးခုကိုလည်း ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနှံ့ဖြစ်နိုင်သည့် နေရာများတွင် Floating Solar စီမံကိန်း၊ Rooftop Solar စီမံကိန်းများနှင့် အသေးစား အလတ်စားရေအားလျှပ်စစ်စီမံကိန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အထူးကြိုးပမ်းဆောင်ရွက်နေပါကြောင်း။
လက်ရှိ ရှိပြီးစီမံကိန်းများ တွန်းအားပေးဆောင်ရွက်လျက်ရှိ
လက်ရှိ ထုတ်လုပ်နေသည့် နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက် များတွင် အလယ်ပေါင်းလောင်း ၁၅၂ မဂ္ဂါဝပ်၊ အထက်ရဲရွာမှ ၂၈၀ မဂ္ဂါဝပ် ၊ သူဌေးရေအားလျှပ်စစ်မှ ၁၁၁ မဂ္ဂါဝပ်၊ အထက် ကျိုင်းတောင်း မှ ၅၁ မဂ္ဂါဝပ်၊ နပင် ၆ မဂ္ဂါဝပ် စသည့် ရေအားလျှပ်စစ် စီမံကိန်းများ ကိုလည်း ဆောင်ရွက်နေသကဲ့သို့ လက်ရှိ ရှိပြီးစီမံကိန်းများကိုလည်း တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်းဖြေကြားသည်။
China Central Television(CCTV) သတင်းဌာန၏ ဧပြီ ၁၇ ရက်တွင် နိုင်ငံတကာလေကြောင်းလိုင်းများ မြန်မာနိုင်ငံသို့ ဝင်ရောက် ခွင့်ပြုတော့မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် အဓိကဦးတည်ချက်အဖြစ် ဆောင်ရွက်သွားမည့် လက္ခဏာတစ်ရပ်ဖြစ်ပါသလား မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်တွင်း ခရီးသွားလုပ်ငန်းကို ပထမအဆင့်အနေဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ နိုင်ငံတကာခရီးသွားလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ၊ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ သတ်မှတ်စည်းကမ်းများဖြင့် ဝင်ရောက်ခွင့်ပြုခဲ့ပါကြောင်း၊ အများ သိကြသကဲ့သို့ ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာနှင့်တစ်ဝန်း စီးပွားရေး လုပ်ငန်းများကျဆင်းခဲ့ပြီး ခရီးသွားလုပ်ငန်းသည် ထိခိုက်မှုအများဆုံး ကဏ္ဍတစ်ရပ်ဖြစ်ခဲ့ပါကြောင်း။
ခရီးသွားလုပ်ငန်းသည် တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေရရှိပြီး မီးခိုးမထွက်သည့် စီးပွားရေးလုပ်ငန်းဖြစ်သည့်အပြင် အထူးသဖြင့် လူငယ်များနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာ ဖန်တီးပေးနိုင်သည့် လုပ်ငန်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို သိသိသာသာ ထိန်းချုပ်လာနိုင်ပြီဖြစ်ပြီး ခရီးသွားလုပ်ငန်းကို စနစ်တကျ ပြန်လည်စတင်နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီး ဌာနများ ပေါင်းစပ်၍ ယခင်ကတည်းက ပြင်ဆင်ထားပြီးဖြစ်ပါ ကြောင်း၊ ယခုတွင်လည်း နိုင်ငံတကာခရီးသွားများ ရောက်ရှိအောင် ကြိုတင်ပြင်ဆင်ပြီးဖြစ်ပါကြောင်း။
တရုတ်နိုင်ငံကို အလေးထားဖိတ်ခေါ်
ခရီးသွားဧည့်သည်များမှတစ်ဆင့် ကူးစက်ရောဂါမပြန့်ပွားရေး အတွက် မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့် အချိန်မတိုင်မီ ၇၂ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း စသည့်ဓာတ်ခွဲအဖြေနှင့် မြန်မာ့အာမခံလုပ်ငန်းထံမှ ကျန်းမာရေးအာမခံ ဝယ်ယူထားကြောင်း အစရှိသည့် အခြေခံအထောက်အထားများပါရှိရန်နှင့် လေဆိပ်အတွင်း ၌လည်း ကျန်းမာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနနှင့် ဆက်စပ်ဌာနများက လိုအပ်သည်များကို စိစစ်ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိနေပါကြောင်း၊ ရန်ကုန်မြို့၌ ဒေသအဆင့် HSP အသိ အမှတ်ပြုလက်မှတ်ရ Quarantine Hotel ၆၇ လုံးဖြင့် လက်ခံ ဆောင်ရွက်ပေးနေပါကြောင်း၊ ခရီးသွားကဏ္ဍသည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ အိမ်နီးနားချင်း ဖြစ်သည့် တရုတ်နိုင်ငံကိုလည်း နွေးထွေးစွာ အလေးနက်ထား ဖိတ်ကြားလိုပါကြောင်း၊ မန္တလေးတွင်ရှိသည့် ကောင်စစ်ဝန်ချုပ်နှင့် လည်း ညှိနှိုင်းပြီး တိုးခရီးစဉ်များ ထိထိရောက်ရောက်လာရန်အတွက် အစကတည်းက ကြိုတင်စီမံထားပြီးဖြစ်ပါကြောင်း။ မိမိတို့နိုင်ငံသည် အချို့နေရာများတွင် မတည်မငြိမ်ဖြစ်သော်ငြားလည်း အဓိက ခရီးစဉ် ရှိသည့် နေရာများတွင် လုံခြုံမှုအပြည့်အဝရှိပြီး ရပ်နားခဲ့သည့် နှစ်နှစ် ကျော်ကာလအတွင်း ပြင်ဆင်ထားသည့်အတွက် ယနေ့ရှုခင်းအသစ် များ၊ ကျန်းမာရေးအပြည့်အဝ ဆောင်ရွက်ထားမှုများနှင့်အတူ ခရီးသွားလုပ်ငန်းကို များစွာပြင်ဆင်ထားရှိပါကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်း ဖြစ်သည့်အတွက် နိုင်ငံအားလုံးကို ဖိတ်ခေါ်ထားသကဲ့သို့ အထူးသဖြင့် အိမ်နီးနားချင်းဖြစ်သည့် တရုတ်နိုင်ငံကို အလေးထားဖိတ်ခေါ်ပါ ကြောင်း ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆို
China Central Television(CCTV) သတင်းဌာန၏ ခရီးသွား လုပ်ငန်းမှလွဲ၍ မြန်မာနိုင်ငံသည် အနာဂတ်တွင် စီးပွားရေးပြန်လည် နာလန်ထူနိုင်ရေးအတွက် မည်သည့်စီးပွားရေးလုပ်ငန်းများကို အဓိကဦးတည်၍ ဆောင်ရွက်သွားမည်ဆိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့ရေးစီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေးအတွက် စွမ်းအင်နှင့် ပတ်သက်သည့် ရေနံထုတ်လုပ်မှု၊ ရေနံချက်လုပ်မှု၊ ဓာတ်မြေဩဇာထုတ်လုပ်မှု စသည့်လုပ်ငန်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်နေပါကြောင်း၊ ဒုတိယတစ်ခုအနေဖြင့် တိုင်းပြည်၏ လျှပ်စစ်ဓာတ်အားပေးရေးကဏ္ဍတွင် လျှပ်စစ်ဓာတ်အားပြည့်စုံ လုံလောက်စွာပေးနိုင်ရေးအတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ကို ဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းတွင်ရှိသည့် အခြေခံ အဆောက်အဦလုပ်ငန်းများအတွက် လိုအပ်သည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်မှုကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံမှု များ ဖိတ်ခေါ်သွားရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ဖိတ်ခေါ်ကြောင်း၊ ကြိုဆိုကြောင်း ကြေညာထားပါကြောင်း၊ မိရိုးဖလာစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍနှင့်ဆက်စပ်၍ စားသောက်ကုန် ထုတ်လုပ်ရေးကဏ္ဍကို တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံမှု အလားအလာများစွာကောင်းမွန်ပါကြောင်း၊ ဖိတ်ခေါ်သွားမည့် ကဏ္ဍ များသည် တိုင်းပြည်၏ စီးပွားရေးနာလန်ထူလာရေးအတွက် လိုအပ် သည့် ပစ္စည်းထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် လုပ်ငန်း များတွင် ဦးစားပေးဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အရေးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုလုပ်သည့် နိုင်ငံဖြစ်ပါ ကြောင်း၊ တိုင်းပြည်၏ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားလုံး၏ ၂၇ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံက ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့ရန် အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကဏ္ဍများတွင် တရုတ်နိုင်ငံဘက်မှ လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုဖိတ်ခေါ် ပါကြောင်း ပြောကြားသည်။
China Central Television(CCTV) သတင်းဌာန၏ ဧပြီ ၃ ရက် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာ ချက်အရ၊ ဘဏ်စာရင်းအသီးသီးရှိ နိုင်ငံခြားသုံးငွေများအား တရားဝင် ငွေလဲနှုန်းဖြင့် ကျပ်ငွေအဖြစ် လဲလှယ်ရောင်းချရမည်ဟု ညွှန်ကြားခဲ့ပြီး မြန်မာမီဒီယာများ၏ သတင်းတင်ပြချက်များအရ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များသည် ယင်းတို့၏ လုပ်ငန်းများ ဂယက်ရိုက်သွားသည်ဟု ဆိုကြရာ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် ဤအမိန့်ကြော်ငြာချက်၏ ဆိုးကျိုးသက်ရောက်မှုအပေါ် မည်သို့သုံးသပ်အကဲဖြတ်ပါသလဲ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်သည့် အမိန့်ကြော်ငြာစာသည် မိမိတို့တိုင်းပြည်၏ မြန်မာကျပ်ငွေတည်ငြိမ်မှု အတွက် ဦးတည်ပြီး ထုတ်လိုက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ စတင်ပြီးတာဝန်ယူစဉ်ကတည်းက အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲနှုန်းသည် ငွေကျပ် ၁၃၅၀ ဖြစ်ပါ ကြောင်း။
ငွေလဲနှုန်း တည်တည်ငြိမ်ငြိမ်ဖြစ်သည့်အတွက် တချို့ကကြိုဆို
ယခုနောက်ပိုင်းတွင် ဆန့်ကျင်ဘက်အဖွဲ့အစည်းများက ပြည်တွင်းစီးပွားရေးတွင် ကမောက်ကမဖြစ်အောင် ပြုလုပ်ခဲ့ပြီး ကျပ်ငွေတန်ဖိုးကျဆင်းအောင် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းအမိန့် မထုတ်ခင် ပြီးခဲ့သည့်လတွင် မြန်မာ ကျပ်ငွေသည် တစ်ဒေါ်လာကို ကျပ်ငွေ ၂၁၀၀ အထိ တန်ဖိုးကျသွားခဲ့ သည့် အနေအထားဖြစ်ပါကြောင်း၊ ကျပ်ငွေကျဆင်းသွားခြင်းသည် ပြည်တွင်းစီးပွားရေးကို ပို၍ကမောက်ကမဖြစ်စေပါကြောင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်သည့်အမိန့်သည် ကျပ်ငွေတန်ဖိုးကျနေ မှုကို ဟန့်တားနိုင်ရန်အတွက် ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်ထဲမှ ထိန်းချုပ် လိုက်ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လုပ်လိုက်ခြင်းဖြင့် လတ်တလော ကာလတွင် မျိုးစုံထိခိုက်မှုများ ရှိနိုင်ပါကြောင်း၊ သို့သော်လည်း ရေရှည်ကိုသွားမည်ဆိုပါက အားလုံးအတွက် ကောင်းသည့်အစီအစဉ် တစ်ခုဟု ပြောလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် အမြဲတမ်းပြည်ပသို့ ပစ္စည်းတင်ပို့နေသည့် လုပ်ငန်းရှင်များက ကြိုဆိုပါကြောင်း၊ ငွေလဲနှုန်း တည်တည်ငြိမ်ငြိမ်ဖြစ်သည့်အတွက် တွက်ချက်မှု ပိုမိုမြန်ဆန်သွား သည့်အတွက် တချို့ကကြိုဆိုပြီး၊ ဝေဖန်ထိုးနှက်မှုများလည်း ရှိပါ ကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့အစိုးရအနေဖြင့် တတ်နိုင်သမျှ ဆိုးကျိုးသက်ရောက်မှုများ နည်းပါးစေရေးအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထားပါကြောင်း၊ ယင်းကော်မတီက နိုင်ငံခြားသုံးငွေနှင့်ပတ်သက်ပြီး ဆိုးကျိုးများ လျော့နည်းသွားကာ အားလုံးစီးပွားရေးကဏ္ဍ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရေး အတွက် မျက်ခြည်မပြတ် စောင့်ကြည့်ပြီး လိုအပ်သလို ပြင်ဆင် ဆောင်ရွက်ပေးနေပါကြောင်း ဖြေကြားသည်။
နိုင်ငံ၏တည်ငြိမ်မှုနှင့်အတူ ဖွံ့ဖြိုးမှုများလည်း
အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်
China Central Television(CCTV) သတင်းဌာန၏ မြန်မာ့နှစ်ကူး သင်္ကြန်ပွဲတော် နီးကပ်လာသည့်ကာလတွင် မြန်မာနိုင်ငံတစ်ဝန်းတွင် မကြာခဏပေါက်ကွဲမှု၊ ပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားလျက် ရှိရာ သက်ဆိုင်ရာ အာဏာပိုင်ဌာနများအနေဖြင့် လုံခြုံရေးမြှင့်တင်ရေး အတွက် မည်ကဲ့သို့လုပ်ဆောင်မည်၊ လုံခြုံရေးအခြေအနေယိုယွင်းမှု သည် လာမည့်နှစ်၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိနိုင်ပါသလား မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်နိုင်နင်းနင်း ကိုင်တွယ်ဆောင်ရွက် လျက်ရှိသည်ဟု ပြောကြားလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သက်တမ်းသည် တစ်နှစ်ကျော်ကျော် ဖြစ်လာသည့်အခါ တွင် နိုင်ငံ၏တည်ငြိမ်မှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုများကလည်း အရှိန်အဟုန်ဖြင့်စတင်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကောင်းမွန်သည့်အနေအထား ရလာသည့်အခါတွင် တစ်ဖက်က CRPH နှင့် NUG အဖွဲ့များကလည်း အရှိန်မြှင့်ပြီး ဆောင်ရွက်နေပါ ကြောင်း၊ ထို့ကြောင့် တချို့သောဒေသများတွင် အကြမ်းဖက်မှုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအသေးများကို တိုက်ခိုက်ခြင်းများရှိပါ ကြောင်း၊ အင်အားနည်းသည့်စခန်းများကို PDF များက တိုက်ပြခြင်း အားဖြင့် ၎င်းတို့ကို ပို၍နာမည်ကြီးအောင် လုပ်သည့်သဘောသာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စခန်းများသည် ဥပဒေ စိုးမိုးရေးအရ ထိုက်သင့်သည့် အင်အားဖြင့် ထားရှိသည့်အင်အားသာ ဖြစ်ပါကြောင်း၊ အမှန်တကယ် တိုက်ခိုက်ရေးစခန်းများ မဟုတ်ပါ ကြောင်း၊ ထိုအရာများနှင့် ပတ်သက်၍ အတတ်နိုင်ဆုံး စီမံကိုင်တွယ် လျက်ရှိပါကြောင်း။
နယ်စွန်နယ်ဖျား အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးကဲ့သို့ ဧရိယာကျယ်ပြန့်သည့်နေရာများတွင်သာဖြစ်ပွားပြီး ကျန်သည့်ဒေသ များတွင် ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် မရှိပါကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရန်အတွက် တစ်ကမ္ဘာလုံးကို ကြေညာပြီး စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲအတွက်လည်း ပြင်ဆင်မှုအမျိုးမျိုး၊ ဥပမာ ပန်းခင်းစီမံချက်ကဲ့သို့ နိုင်ငံသားအားလုံး မှန်ကန်စွာမဲပေးနိုင် ရေးအတွက် မှတ်ပုံတင်ပြုလုပ်ပေးပြီး မိမိတို့နိုင်ငံနှင့် သင့်လျော်သည့် ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် သွားမည့်လမ်းကြောင်းကို သက်ဆိုင်ရာပါတီများနှင့်တွေ့ဆုံပြီး ရေးဆွဲစီမံလျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲသည် တည်ငြိမ်မှုအပေါ်မူတည်ပါကြောင်း၊ တည်ငြိမ်မှု မရှိဘဲ ရွေးကောက်ပွဲလုပ်မည်ဆိုပါက ပြည်သူအချင်းချင်းသော် လည်းကောင်း၊ အဖွဲ့အစည်း အချင်းချင်းသော်လည်းကောင်း၊ တည်ငြိမ်လုံခြုံမှုမရှိပါက သွေးချောင်းစီးမှုများ ယခုထက် ပိုမိုများပြား လာနိုင်သည့် ရွေးကောက်ပွဲသဘောသဘာဝရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် အတတ်နိုင်ဆုံးတည်ငြိမ်အောင် ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း၊ စစ်မှန်သော ရွေးကောက်ပွဲတစ်ခုဖြစ်ရန်ဆိုပါက နေရာတိုင်းတွင် တည်ငြိမ်ရန်လိုအပ်ပါကြောင်း၊ မတည်ငြိမ်သည့် နေရာများရှိပါက မှန်ကန်ပြည့်ဝသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်လာနိုင် သည့်အနေအထား နည်းပါးပါကြောင်း၊ ထို့ကြောင့် လက်ရှိ မိမိတို့ အနေဖြင့် ရွေးကောက်ပွဲကို ရည်မှန်းချက်ထားပြီး နိုင်ငံကို တည်ငြိမ် အောင် ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားလိုပါကြောင်း။
ဒီမိုကရေစီနိုင်ငံတော်အသစ်တစ်ခု မလွဲမသွေရောက်နိုင်မည်
မိမိတို့နိုင်ငံအနေဖြင့် အတတ်နိုင်ဆုံး ရွေးကောက်ပွဲကျင်းပနိုင် ရေးနှင့် နိုင်ငံတော်တည်ငြိမ်ရေး ဆောင်ရွက်သည့်အခါ ပြည်ပက နိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံအပေါ် နားလည်မှု ယုံကြည်မှု များဖြင့် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ အထူးသဖြင့် အနောက် နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအပေါ် အမျိုးမျိုးသော မီဒီယာနည်းလမ်း ဖြင့်သော်လည်းကောင်း၊ အခြားကဏ္ဍများဖြင့် သော်လည်းကောင်း သတင်းတု၊ သတင်းမှားများကို ဖော်ပြပြီး မိမိတို့နိုင်ငံကို ကျဉ်းတည်း ကျပ်တည်းရောက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်နီး နားချင်းနိုင်ငံများဖြစ်သည့် အထူးသဖြင့် တရုတ်နိုင်ငံသည် မိမိတို့ နိုင်ငံအပေါ် နားလည်မှုနှင့်အတူ အခက်အခဲများဖြစ်ပေါ်လာတိုင်း ကူညီခဲ့သည့် နိုင်ငံဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးကိစ္စ သော်လည်းကောင်း၊ စီးပွားရေးကိစ္စသော်လည်းကောင်း များစွာ အထောက်အပံ့ပေးနေသည်ကို တွေ့ရပါကြောင်း၊ ရွေးကောက်ပွဲ ဖြစ်မြောက်ရန်အတွက် တရုတ်နိုင်ငံကလည်း ဝိုင်းဝန်းကူညီဆောင် ရွက်စေလိုပါကြောင်း၊ မှန်ကန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတစ်ခုရောက်အောင် သွားနေပါကြောင်း၊ လုံခြုံရေးနှင့် ပတ်သက် ၍ နိုင်နိုင်နင်းနင်း ဆောင်ရွက်နေနိုင်ပါကြောင်း၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် ကိစ္စဖြစ်သည့်အတွက် အချိန်အနည်းငယ် ယူရမည်ဟု မြင်မိပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပြည်တွင်းရေး ကိစ္စများ ကိုလည်း ပြည်ပနိုင်ငံများအနေဖြင့် နားလည်မှု၊ ယုံကြည်မှုများနှင့်အတူ နိုင်ငံသားများ၏ အကျိုးကိုရှေးရှုပြီး ပူးပေါင်းဆောင်ရွက်ပေးမည် ဆိုပါက မျှော်မှန်းထားသည့် ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီ နိုင်ငံတော်အသစ်တစ်ခု မလွဲမသွေရောက်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားသည်။
China Central Television(CCTV) သတင်းဌာန၏ (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှစ၍ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပြပွဲသို့ တက်ရောက် ရန် နိုင်ငံခြားသတင်းထောက်များ စာရင်းသွင်းရန်ခွင့်ပြုထားခြင်း မရှိကြောင်း သိရပြီး တရုတ်နိုင်ငံရှိ ကျောက်မျက်ရတနာလုပ်ငန်းရှင် အမြောက်အမြားသည် ဤပြပွဲကို အလွန်စိတ်ဝင်စားကြပါကြောင်း၊ သို့ဖြစ်၍ တရုတ်သတင်းထောက်တစ်ဦးအနေဖြင့် အဆိုပါပြပွဲတွင် သတင်းရယူခွင့်ရရှိရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ရပါမလဲ မေးခွန်း နှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲသည် မနက်ဖြန်တွင် စတင်၍ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ကျောက်မျက်ဝယ်ယူမည့် ကုန်သည်များကိုလည်းကောင်း၊ သတင်း ထောက်များကိုလည်းကောင်း ဖိတ်ခေါ်ပါကြောင်း၊ သတင်းထောက် များအနေဖြင့် လာရောက်လိုပါက မြန်မာနိုင်ငံသံရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကို ဆက်သွယ်မည်ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ကျောက်မျက်ပြပွဲသို့ တက်ရောက်သတင်းယူနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း၊ ရတနာကုန်သည်များ၊ ပြည်တွင်း ပြည်ပ သတင်းထောက်များ ကိုလည်း ကြိုဆိုပါကြောင်း ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)