
ရန်ကုန် မတ် ၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ-မောင်နိုင်မိုး)နှင့် ကောင်စီဝင်များအား ယနေ့ မွန်းလွဲပိုင်းတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ သတင်းမီဒီယာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံ ဆွေးနွေးသည်။
သတင်းအတုအယောင်များ ထုတ်လွှင့်
ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်၌ သတင်း မီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် မှန်ကန်သည့် သတင်းအချက်အလက်များ ပြည်သူလူထုထံ စီးဆင်း ပျံ့နှံ့ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ သတင်း အချက်အလက်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာ ခြင်းကြောင့် သတင်းမီဒီယာလုပ်ငန်းများ၏ ပုံသဏ္ဌာန်နှင့် ပြည်သူများ၏ သတင်းစားသုံးမှုပုံစံများ ပြောင်းလဲနေကြပါကြောင်း၊ အထူးသဖြင့် သမား ရိုးကျမီဒီယာများထက် New Media ဟုခေါ်သည့် မီဒီယာပုံစံသစ်များကို အသုံးပြုလာကြပါကြောင်း၊ ထိုကဲ့သို့ မီဒီယာပလက်ဖောင်းများ ပြောင်းလဲ တိုးတက်လာမှုကို အသုံးချ၍ တစ်ဖက်တွင်လည်း သတင်းမှား၊ သတင်းအတုအယောင်များကို ဖန်တီး ထုတ်လွှင့်ကာ ပြည်သူလူထုအား အမြတ်ထုတ် ဆောင်ရွက်မှုများကို တွေ့မြင်နေရပါကြောင်း၊ အထူးသဖြင့် သတင်းမှား၊ သတင်းအတုအယောင်များ ထုတ်လွှင့်၍ လူငယ်များအား ဝါဒဖြန့်မှိုင်းတိုက်ကာ အဖျက်အမှောင့်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် လာစေရန် ဆောင်ရွက်နေမှုများကို မြင်တွေ့နေရသည့် အတွက် လွန်စွာစိတ်မကောင်းဖြစ်ရပါကြောင်း။
မီဒီယာနည်းလမ်းများဖြင့် ကူညီဆောင်ရွက်
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် ကျောင်းများတွင် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ ဟောပြောပွဲများ ဆောင်ရွက် နေကြသည်ကို တွေ့ရသည့်အတွက် လွန်စွာ ဝမ်းမြောက်ပါကြောင်း၊ လူငယ်များနှင့် ကျောင်းသား ကျောင်းသူများအား သတင်းအချက်အလက်နှင့် မီဒီယာဆိုင်ရာ သိနားလည်မှုရှိစေရန် ဆက်လက် ကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပကတိဖြစ်ပေါ်ပြောင်းလဲမှုများကို နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများနှင့် ငါးကြိမ်ခန့် တွေ့ဆုံ၍ နိုင်ငံတကာက သိရှိစေရန် ပြောကြားခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် မီဒီယာ နည်းလမ်းများဖြင့် ကူညီဆောင်ရွက်ပေးရန် မေတ္တာ ရပ်ခံလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ-မောင်နိုင်မိုး)၊ ဒုတိယ ဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးတင်မောင်ဦး (ကြို့ပင်ကောက် တင်မောင်ဦး)၊ အတွင်းရေးမှူး ဦးအောင်ပြည့်စုံနှင့် ကောင်စီဝင်များက လိုအပ်သည်များ ဆွေးနွေးတင်ပြ ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက် ၄၁၇ တိုက်အတွက် ငွေကျပ် ၂၅ သိန်း တန်ဖိုးရှိ “သတင်းမီဒီယာပုံရိပ် မှတ်တမ်းစုံစာတမ်း များ” စာအုပ် ၄၁၇ အုပ်ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လက်ခံ ၍ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပခဲ့မှု မှတ်တမ်းဗီဒီယိုခွေများနှင့် စာအုပ်စာစောင်များ ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား ပေးအပ်ခဲ့သည်။
သတင်းစဉ်