
အမျိုး၏ဂုဏ်၊ ဇာတိဂုဏ်၊ စာပေဂုဏ်ကိုမြှင့်”ဆိုသည့် မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ဆောင်ပုဒ်နှင့်အညီ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့်ရပ်တည် လှုပ်ရှားသွားနိုင်ကြပါစေ
ရန်ကုန် မေ ၂၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံသို့တက်ရောက် အမှာစကားပြောကြား သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံစာရေး ဆရာအသင်း၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအရ လေးနှစ်တွင်တစ်ကြိမ် ကျင်းပရသည့် ယခုလို တတိယအကြိမ်ညီလာခံတွင် နိုင်ငံတစ်ဝန်းမှ စုဝေး ရောက်ရှိလာကြသည့် ညီလာခံကိုယ်စားလှယ်များ ကို ဆုံတွေ့ရသည့်အတွက် အလွန်ပင်ဝမ်းသာ ပီတိ ဖြစ်ရပါကြောင်း။
မြန်မာနိုင်ငံ စာရေးဆရာအသင်းသည် နိုင်ငံ အကျိုးပြု သုတ၊ ရသစာပေများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ စာပေလောကသား အချင်းချင်း၏ စည်းလုံးညီညွတ်မှုခိုင်မာရေးကို တိုးမြှင့်ဆောင်ရွက် ရန် ၊ စာပေလောကသားအားလုံး၏ သာရေး နာရေး ကိစ္စများကို ကူညီဆောင်ရွက်ရန်၊ ဂန္ထဝင်စာပေနှင့် ခေတ်ပြိုင်စာပေများကို စာဖတ်ပရိသတ် လက်ဝယ်သို့ ရောက်ရှိရေးအတွက် ကူညီဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်လေးရပ်ဖြင့် ရပ်တည်လှုပ်ရှားခဲ့ရာ တတိယအကြိမ် ညီလာခံကျင်းပနိုင်သည့် အခြေ အနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါကြောင်း။
အသင်းသူ အသင်းသားများကို ဂုဏ်ပြု
အသင်း၏ ရည်ရွယ်ချက်လေးရပ်ကိုကြည့်လျှင် မွန်မြတ်လှသည့် ဦးတည်ချက်များဖြစ်သည့် အလျောက် ထိရောက်ပေါက်မြောက် အောင်မြင် အောင် မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီးက စွမ်းဆောင်နိုင်ရည်ရှိသည်မှာ သိသာနေပါကြောင်း။ တတိယအကြိမ် ညီလာခံတွင် တင်သွင်းထားသည့် ဗဟိုအမှုဆောင်ကော်မတီ၏ အစီရင်ခံစာ ဖော်ပြ ချက်အရ မြို့နယ်ပေါင်း ၂ဝ၂ မြို့နယ်တွင် အသင်းဝင် ပေါင်း ၅၁၅၁ ဦးကျော်ရှိနေကြောင်း သိရသည့်အတွက် အားတက်ဂုဏ်ယူစရာကောင်းလှပါကြောင်း။ ထို့ အပြင် အသင်းသူ အသင်းသားများ၏ သာရေး၊ နာရေး ကိစ္စရပ်များ၊ စာပေဆိုင်ရာ ရပိုင်ခွင့်များ၊ မူပိုင် ခွင့်များ၊ စာတမ်းဖတ်ပွဲများ၊ မျိုးဆက်သစ်များအတွက် စာရေးနည်း အခြေခံသင်တန်းများ၊ နိုင်ငံတကာ စာပေနှင့် မြန်မာစာပေ အပြန်အလှန်ဖလှယ်ခြင်း၊ ဆွေးနွေးခြင်း၊ နိုင်ငံတကာ ကဗျာရွတ်ဆိုပွဲများတွင် တက်ရောက်ရွတ်ဆိုကြခြင်း၊ မဲခေါင်စာပေဆုရကြ ခြင်း ၊ (၁ဝ)ကြိမ်မြောက် မဲခေါင်စာပေဆုချီးမြှင့်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်ဝင့်ထည်စွာ လက်ခံ ကျင်းပနိုင်ခြင်း၊ နိုင်ငံတော်အဆင့်နှင့် ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ ပုဂ္ဂလိက စာပေ၊ စာမူပြိုင်ပွဲများတွင် ဆုစိစစ်ရွေးချယ်ရေး တာဝန်များကို ပါဝင်ထမ်းဆောင် ခြင်း၊ အသက် (၈ဝ) နှင့် (၈ဝ) အထက် သက်ကြီးစာပေ ပညာရှင်ကြီးများကို နှစ်စဉ်ပူဇော် ကန်တော့ပွဲ ကျင်းပခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့် တိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်း၊ သတင်းမီဒီယာကောင်စီတွင်လည်း ပါဝင်ထမ်းဆောင်ခြင်း၊ နိုင်ငံတော်အခမ်းအနားများ တွင် တက်ရောက်ဂုဏ်ပြုခြင်း၊ နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ၊ အသင်းကြီး၏ သဘောထား ကြေညာချက်များ ထုတ်ပြန်ပြီး နိုင်ငံတော်၏ အကျိုးပြုဆောင်ရွက်ချက်များကို ထောက်ခံအားပေး ခြင်း၊ ကျရာကဏ္ဍကနေပြီး တက်တက်ကြွကြွ တာဝန် ကျေပွန်စွာထမ်းရွက်ခြင်း စသည့်အကျိုးပြုလုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း သိရသည့်အတွက် အားရကျေနပ်မှုနှင့်အတူ အသင်း ကြီးနှင့် အသင်းသူ အသင်းသားများကို ဂုဏ်ပြုအပ်ပါ ကြောင်း။
ယခု တတိယအကြိမ်ညီလာခံတွင် တင်သွင်းထား သည့် ဗဟိုအမှုဆောင်ကော်မတီ၏ အစီရင်ခံစာပါ ရှေ့လုပ်ငန်းစဉ်(၆)ရပ်အနက် ဒုတိယရှေ့လုပ်ငန်းစဉ် ဖြစ်သည့် “မြန်မာနိုင်ငံစာရေးဆရာအသင်းသည် ပါတီနိုင်ငံရေးဂိုဏ်းဂဏကင်းသည့် လူမှုရေးစာပေ အဖွဲ့အစည်းစစ်စစ်အဖြစ်၊ ဒီမိုကရေစီစနစ်နှင့်အညီ ရပ်တည်သွားရန်” ဆိုသည့် ရှေ့လုပ်ငန်းစဉ်သည် အသင်း၏ စည်းလုံးညီညွတ်မှုကို အထောက်အကူပြု သလို နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လည်း ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းကင်း၊ အမြင်ရှင်းရှင်းနှင့် သန့်ရှင်းစွာ ပံ့ပိုးကူညီနိုင်ကြမည် ဖြစ်ပါကြောင်း။ ယင်းရှေ့လုပ်ငန်းစဉ်ကို ကြိုဆိုဂုဏ်ပြုလိုပါကြောင်း။ နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ “ အမျိုး၏ဂုဏ်၊ ဇာတိဂုဏ်၊ စာပေ ဂုဏ်ကိုမြှင့်”ဆိုသည့် မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ဆောင်ပုဒ်နှင့်အညီ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့်ရပ်တည် လှုပ်ရှားသွားနိုင်ကြပါစေ၊ နိုင်ငံနှင့် ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်ကြပါစေဟု ဆန္ဒမွန်ပြုရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) က ကျေးဇူးတင်စကားပြောကြားသည်။
ယနေ့ နံနက်ပိုင်းက ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံကို ဒုတိယပိုင်းအစီအစဉ်အဖြစ် ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းထံမှ ပေးပို့သော သဝဏ်လွှာကို မြန်မာနိုင်ငံစာရေးဆရာအသင်း တွဲဖက် အတွင်းရေးမှူး ဦးမျိုးထွန်း (မောင်စိမ်း နောင်-လယ်ဝေး)က ဖတ်ကြားသည်။
ထို့နောက် သဘာပတိ မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌဒေါ်ချိုချိုတင်(မစန္ဒာ)က ဒုတိယအကြိမ် ညီလာခံကို ၂၀၁၆ ခုနှစ်က ကျင်းပခဲ့ပြီး လေးနှစ် သက်တမ်း ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပရမည်ဖြစ်သော် လည်း အကြောင်းကြောင်းကြောင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ညီလာခံနှစ်ခုအကြား၌ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးများကို ကျင်းပနိုင်ခဲ့ ခြင်းဖြစ်ပြီး ကြုံတွေ့ခဲ့ရသော အခက်အခဲအကျပ် အတည်းများအားလုံးကို ဆွေးနွေး၊ ဖြည့်စွက်၍ ပြင်ဆင်မှုများကို တင်သွင်းသွားမည်ဖြစ်ရာ တက်ရောက်လာကြသော ညီလာခံကိုယ်စားလှယ် များအနေဖြင့် ဆွေးနွေး၊ အကြံပေး၊ အတည်ပြု ပေးကြရန်ဖြစ်ကြောင်း၊ မေးမြန်းချက်များကို ဗဟို အမှုဆောင်ကော်မတီမှ ပြန်လည်ဖြေကြားပေးသွား မည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ရှေ့လုပ်ငန်း စဉ်များကို ဆွေးနွေး၊ အကြံပေးသွားမည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းစဉ်များ ပြီးဆုံးပါက ညီလာခံသက်တမ်း သည် ကုန်ုဆုံးသွားပြီဖြစ်ရာ ဗဟိုအမှုဆောင် ကော်မတီဝင်အသစ်များကို ပြန်လည်ရွေးချယ်သွား မည်ဖြစ်ကြောင်း၊ ထိုသို့ ရွေးချယ်ရာတွင် လူမှန်၊ နေရာမှန်ဖြစ်ရန်လိုအပ်ပြီး မြန်ဆန်စွာပြီးစီးရန် တက်ရောက်လာကြသော ကိုယ်စားလှယ်များက ရွေးချယ်ပေးကြရန် ပြောကြားသည်။
ယင်းနောက် ဗဟိုအမှုဆောင်ကော်မတီ၏ အစီရင်ခံစာနှင့် အသင်းဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင် ချက်တို့ကို မြန်မာနိုင်ငံ စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင် ကောက်)ကတင်သွင်းသည်။
ဆက်လက်၍ အစီရင်ခံစာများနှင့် စာတမ်းများကို ညီလာခံကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးအကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ဗဟိုအမှုဆောင် ကော်မတီအတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က ရှင်း လင်း ဆွေးနွေးသည်။
ယင်းနောက် မြို့နယ်စွမ်းဆောင်ရည်ဆုကို မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ချိုချိုတင် (မစန္ဒာ)က တောင်ဥက္ကလာပမြို့နယ် စာရေးဆရာ အသင်းဝင်တို့ထံ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က ကွယ်လွန်သွားကြသော သက်ကြီးစာပေပညာရှင်များ နှင့် စာရေးဆရာအသင်းဝင်တို့အတွက် ဝမ်းနည်း ကြောင်း သဝဏ်လွှာကို ဖတ်ကြားပြီး အသင်းအတွင်း ရေးမှူး ဦးညွန့်တင်( မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် ညီလာခံ၌ တင်ပြချက်များကို ဆုံးဖြတ်ချက် ချမှတ် ကာ သဘာပတိ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဒေါ်ချိုချိုတင် (မစန္ဒာ)က နိဂုံးချုပ် စကား ပြောကြားသည်။
ဗဟိုအမှုဆောင်ကော်မတီများ ရွေးချယ်
ထို့နောက် တတိယပိုင်းအစီအစဉ်အဖြစ် မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ် သက်တမ်းကာလအတွက် ဗဟိုအမှုဆောင်ကော်မတီ များ ရွေးချယ်တင်မြှောက်ခြင်းကို ဆက်လက်ကျင်းပ ရာ ဥက္ကဋ္ဌအဖြစ် ဦးအုန်းမောင်(မြင်းမူ မောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးစိုးမြင့် (စိုးမှူး)၊ ဒုတိယဥက္ကဋ္ဌ(၃) ဦးမြတ်စိုး( မြတ်စိုး-လှိုင်)၊ အတွင်း ရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးအောင်သန်းဦး (ပုသိမ် အောင်သန်းဦး)၊ တွဲဖက်အတွင်းရေးမှူး (၂) မောင် မောင်ကြည် (ရေနံမြေမောင်မောင်ကြည်)၊ တွဲဖက် အတွင်းရေးမှူး (၃)ဦးအောင်ကြည် (အောင်ကြည် ညွန့်-တက္ကသိုလ်)၊ ဘဏ္ဍာရေးမှူး ဦးအေးမင်း (ဒေါက်တာ အောင်ထက်- ဆေး၁)၊ စာရင်းစစ် ခေါင်းဆောင် ဦးညွန့်လှိုင် (မောင်မောင်ညွန့်လှိုင်) နှင့် ပြန်ကြားရေးမှူးဦးတင်အောင်ရွှေ (ဒေါက်တာ တင်အောင်ရွှေ)တို့ကို မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဗဟိုအမှုဆောင်ကော်မတီဝင်များအဖြစ် ရွေးချယ်တာဝန်ပေးသည်။
ယင်းနောက် ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင် မိုး)က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ အခမ်း အနား အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။
သတင်းစဉ်