ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း စာပေ၊ ဂီတနှင့် ရုပ်ရှင်လုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေး

 

ရန်ကုန်   မတ်    ၆

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း သည်  မြန်မာ့စွယ်စုံကျမ်းပြန်လည်ပြုစုထုတ်ဝေရေးအဖွဲ့၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး   ယာယီအမှုဆောင်အဖွဲ့နှင့်     မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ယာယီအမှုဆောင်အဖွဲ့တို့မှ တာဝန်ရှိသူများနှင့်  ယနေ့ တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်း အဝေးခန်းမ၌ သီးခြားစီ တွေ့ဆုံဆွေးနွေးသည်။

 


နံနက်ပိုင်းတွင်   ပြည်ထောင်စုဝန်ကြီးသည်    မြန်မာ့စွယ်စုံကျမ်း ပြန်လည်ပြုစုထုတ်ဝေရေးအဖွဲ့နှင့်     တွေ့ဆုံပြီး   မြန်မာ့စွယ်စုံကျမ်း အတွဲ - ၁ ၊ က ကုတ်ကို    နောက်ဆုံး   အခြေအနေနှင့်အညီ  ပြင်ဆင် ဆောင်ရွက်မှု၊    ပထမအကြိမ်ပုံနှိပ်ထားရှိမှုနှင့်      ဖြန့်ချိရေးအတွက် လျာထားဆောင်ရွက်မှုများကို ဆွေးနွေးညှိနှိုင်းကာ လုပ်ငန်းဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ဝိုင်းဝန်းဆွေးနွေး


ထို့နောက်  မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှုဆောင်အဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ ဂီတအစည်းအရုံး၏ ဦးဆောင်မှုဖြင့် ဂီတအနုပညာရှင်များ စုစည်း ၍ ဂီတလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး  လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ဂီတစွမ်းအားဖြင့်  ပြည်သူကို အလုပ်အကျွေးပြုရန်၊ တစ်နည်းအားဖြင့် ဂီတအနုပညာဖြင့် ပြည်သူများ ပြုံးပျော်ရွှင်အောင်၊ စိတ်ခွန်အားရရှိအောင် ဆောင်ရွက် ပေးရန်ဖြစ်ပါကြောင်း၊    နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း   ဂီတ အနုပညာရှင်များကို တန်ဖိုးထားပြီး ကျန်းမာရေးကိစ္စမှစ၍ လိုအပ်သည် များ ကူညီဆောင်ရွက်ပေးရန် မှာကြားထားပါကြောင်း၊ ဂီတအစည်းအရုံး အနေဖြင့်  လက်တွေ့ကျသောလုပ်ငန်းစဉ်များကို  ဝိုင်းဝန်းဆွေးနွေး ကြရန်ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍  မြန်မာနိုင်ငံ  ဂီတအစည်းအရုံးယာယီအမှုဆောင် အဖွဲ့ဥက္ကဋ္ဌ    ဦးလွင်မြင့်နှင့်   တာဝန်ရှိသူများက   ဂီတအစည်းအရုံးကို  မြို့နယ်အဆင့်ထိ ဖွဲ့စည်းမှုများ စိစစ်ဆောင်ရွက်နေမှု၊ ဂီတလောကသား များအတွက် သက်သာချောင်ချိရေး ဆောင်ရွက်ပေးမှု၊ မြန်မာနိုင်ငံဂီတ အစည်းအရုံးအစီအစဉ်ဖြင့် ဖျော်ဖြေပွဲများ ကျင်းပရန်စီစဉ်ဆောင်ရွက် နေမှု၊ ပြန်လည်ကျင်းပမည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံးအနေဖြင့် အကဲဖြတ် ဒိုင်အဖွဲ့နှင့် ပြဋ္ဌာန်းတေးသီချင်း ကိစ္စရပ်များတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ရန် ပြင်ဆင်ထားမှုနှင့် သီးခြားဆောင်ရွက်ပေးစေလိုသည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 


လက်တွေ့ကျကျ လုပ်ဆောင်


မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးယာယီအမှုဆောင် အဖွဲ့နှင့်    တွေ့ဆုံဆွေးနွေးစဉ်    ပြည်ထောင်စုဝန်ကြီးက    မကြာခင် ကာလတွင်    ရုပ်ရှင်အနုပညာနှင့်ပတ်သက်သည့်    လုပ်ငန်းများကို ပြန်လည်စတင်ရန်   စီစဉ်နေပြီဖြစ်သဖြင့်   မင်္ဂလာရှိသည့်     အချိန် ဖြစ်ပါကြောင်း၊   ယနေ့ဖြစ်ပေါ်နေသည့်   အခြေအနေဖြစ်ရပ်များကို  ကျော်လွှားနိုင်ရန် အစိုးရတစ်ခုတည်း ဆောင်ရွက်ခြင်းထက် ပြည်သူ များပါဝင်ပါက   ပိုမိုအောင်မြင်မည်ဖြစ်ပါကြောင်း၊  ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းများနှင့် အခြေအနေများကို ပြည်သူများ မှန်ကန် စွာ သုံးသပ်နိုင်ရန်လိုအပ်ပါကြောင်း၊ ပြည်သူများ၏ စိတ်ပျော်ရွှင်ချမ်းမြေ့ မှုကို ဖြစ်ပေါ်အောင် စွမ်းဆောင်နိုင်သည့်အရာမှာ အနုပညာပင်ဖြစ် ပါကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရက အနုပညာဗဟို ဌာန (Art Centre) ကြီးများကို တည်ဆောက်ပြီးစီးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် စာပေနှင့်ပတ်သက်၍ စာဆိုဗိမာန်ကိုလည်း  တည်ဆောက်ဖွင့်လှစ်နိုင်ရန်       စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အနုပညာနှင့်ပတ်သက်၍လည်းကောင်း၊  အနုပညာရှင်များနှင့်ပတ်သက်၍လည်းကောင်း အလေးထားသည်ကို  အကြိမ်ကြိမ်ပြောဆိုခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါတွင် ရပ်နားထားသည့် အနုပညာလုပ်ငန်းများကို ပုံမှန်ပြန်လည်လုပ်ကိုင်နိုင်ရန်နှင့် ရုပ်ရှင်ရုံ များ ပြန်လည်ဖွင့်လှစ်ပြသနိုင်ရေးအတွက် လက်တွေ့ကျကျ လုပ်ဆောင် ကြရန် လိုအပ်ပါကြောင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လိုအပ် သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက်    မြန်မာနိုင်ငံ   ရုပ်ရှင်အစည်းအရုံးယာယီအမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များက ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကား များ တရားမဝင်ခိုးယူပြသမှုများ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ညှိနှိုင်းဆွေးနွေး ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။                       

 

သတင်းစဉ်