
နေပြည်တော် စက်တင်ဘာ ၂၂
(၁၆) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (16th ASEAN Ministers’ Responsible for Information and its related Meetings)(16th AMRI) ကို ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့ Furama Resort Danang ၌ ယနေ့ နံနက် ၉ နာရီတွင် စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဗီယက်နမ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
ရှေးဦးစွာ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပရာ အခမ်းအနားကို အာဆီယံအထိမ်း အမှတ်သီချင်းဖြင့် စတင်ဖွင့်ပြီး ဗီယက်နမ်နိုင်ငံ ပြန်ကြားရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E.Nguyen Manh Hung၊ ဒါနန်းမြို့အကြီးအကဲ၊ ပါတီဗဟိုကော်မတီဝင် ဒုတိယ သမ္မတ Mdm.Vo Thi Anh Xuan တို့က အမှာစကားပြောကြားကြ သည်။ ဆက်လက်၍ ဗီဒီယို မှတ်တမ်းနှင့် ဖျော်ဖြေရေးအစီ အစဉ်များဖြင့် တင်ဆက်ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
နှုတ်ခွန်းဆက်စကားပြော
ဖွင့်ပွဲအခမ်းအနားအပြီးတွင် (၁၆) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်း အဝေးကို ဆက်လက်ကျင်းပရာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ဖြစ်သည့် ထိုင်းနိုင်ငံက နှုတ်ဆက် စကားပြောကြားပြီး အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်း အဝေး၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်နိုင်ငံမှ ဝန်ကြီး H.E. Nguyen Manh Hung က အဖွင့် အမှာစကားပြောကြား၍ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် မည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံက နှုတ်ခွန်းဆက်စကား ပြောကြား သည်။
အဆိုပါ အခမ်းအနားသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဝန်ကြီး ချုပ်ရုံးနှင့် အမှတ် (၂) ကာကွယ် ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Pehin Dato Halbi Yussof ၊ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး H.E.Mr. Neth Pheaktra ၊ အင်ဒိုနီးရှားနိုင်ငံ MCI RI မှ အထွေထွေအတွင်းရေးမှူး Ms. Mira Tayyiba ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး H.E. Phosy Keomani-vong ၊ မလေးရှားနိုင်ငံ ဆက်သွယ် ရေးနှင့် ဒစ်ဂျစ်တယ်ဝန်ကြီးဌာန ဝန်ကြီး YB Ahmad Fahmi Fadzil၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဖိလစ်ပိုင် သမ္မတနိုင်ငံ ဖိလစ်ပိုင် ပြန်ကြား ရေးအေဂျင်စီမှ ညွှန်ကြားရေးမှူး ချုပ် H.E. Mr. Jose A. Torres, Jr. ၊ စင်ကာပူနိုင်ငံ ဆက်သွယ် ရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအတွင်းရေးမှူး Mr. Poon Hong Yuen ၊ ထိုင်းနိုင်ငံ တွဲဖက် ဝန်ကြီးချုပ်ရုံးဝန်ကြီး Mrs. PUA-NGPET CHUNLAIAD ၊ အိမ်ရှင် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး H.E. Nguyen Thanh Lam ၊ လေ့လာသူ တီမော လက်စ်တေနိုင်ငံ ပြည်ထောင်စု ဝန်ကြီးများကောင်စီဥက္ကဋ္ဌဝန်ကြီး Dr. Expedito Loro Dias Ximen-es၊ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်မှ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Ekkaphab Phanthavong တို့ ပါဝင်တက်ရောက်ကြသည်။
တင်ပြဆွေးနွေး
ဆက်လက်၍ ဗီယက်နမ်နိုင်ငံ က ယခုနှစ်ကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံ ပြန်ကြား ရေးဝန်ကြီးများ အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “မီဒီယာ-ခံနိုင်ရည်ရှိပြီး တုံ့ပြန်နိုင်စွမ်းအား ကောင်းသော အာဆီယံအတွက် သတင်းအချက်အလက်မှသည် အသိပညာဆီသို့” “Media: From Information to Knowledge for a Resilient and Responsive ASEAN” ကို မိတ်ဆက်ရှင်းလင်း ပြောကြားပြီး အဆိုပါ Theme နှင့် ပတ်သက်၍ ဒေသတွင်း ပြန်ကြား ရေးဝန်ကြီးများနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံး မှ တာဝန်ရှိသူများက ၎င်းတို့၏ ဆန္ဒသဘောထားများကို တင်ပြ ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက ဆွေးနွေးရာ ယခု နှစ်ကျင်းပသည့် (၁၆)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီး များအစည်းအဝေး (AMRI) ၏ ဆောင်ပုဒ်အဖြစ် “မီဒီယာ-ခံနိုင် ရည်ရှိပြီး တုံ့ပြန်နိုင်စွမ်းအား ကောင်းသော အာဆီယံအတွက် သတင်း အချက်အလက်မှသည် အသိပညာဆီသို့” “Media: From Information to Knowledge for a Resilient and Responsive ASEAN” ဟု အိမ်ရှင်ဗီယက်နမ်မှ ရွေးချယ်ခဲ့မှုအပေါ် မြန်မာနိုင်ငံ အနေနှင့် အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း၊ အာဆီယံ၏ဆောင်ပုဒ် ဖြစ်သည့် “One Vision, One Identity, One Community” ကဲ့သို့ပင် အဆိုပါဆောင်ပုဒ်နှင့် ပတ်သက်ပြီး မိမိတို့အားလုံး အလားတူ အမြင်ရှိကြမည်ဟု လည်း ထင်မြင်မိပါကြောင်း။
ယခုအစည်းအဝေးတက်ရောက် ခွင့်ရသည့် အခွင့်အရေးကို အသုံး ချပြီး မြန်မာနိုင်ငံ၏ လတ်တလော ဆောင်ရွက်နေမှုများကို မျှဝေပေး လိုပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကို အခြားနိုင်ငံများနည်းတူ ကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အစီအမံများဆိုင်ရာ ထုတ်ပြန် ချက်များနှင့် ကျန်းမာရေးအသိ ပညာပေး လမ်းညွှန်ချက်များကို လည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယင်း သို့ လုပ်ဆောင်ရာတွင် မိတ်ဆွေ နိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ ကာကွယ်ဆေးများ ရက်ရောစွာ လှူဒါန်းမှုများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ကာကွယ်ဆေးထိုး ခြင်း အစီအစဉ်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါကြောင်း။
ကျေးဇူးတင်ရှိ
ဆက်လက်အသိပေးလိုသည် မှာ မေလ ၁၄ ရက်က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် များသို့ အမြင့်ဆုံးလေတိုက် နှုန်း တစ်နာရီလျှင် ၁၃၅ မိုင်နှင့် ဝင်ရောက် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုး သား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် လုပ်ငန်းကော်မတီ (၁၂) ရပ်နှင့် အတူ ဆိုင်ကလုန်းမုန်တိုင်းကာလ အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများအားလုံးကို လျင်မြန် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြန်လည်နေရာချ ထားရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ခဲ့ကြသည့် မိတ်ဆွေနိုင်ငံများ နှင့် အာဆီယံမိတ်ဆွေများ၏ ရက်ရောစွာ ပံ့ပိုးကူညီမှုများကို လည်း မြန်မာနိုင်ငံအနေနှင့် ကျေးဇူးတင်ရှိပါကြောင်း။
ယခင်ကနှင့် နှိုင်းယှဉ်ကြည့် ပါက ယနေ့ အချိန်အခါတွင် အင်တာနက် အသုံးပြုမှုကြောင့် မီဒီယာစီးဆင်းမှုသည် မယုံနိုင် လောက်အောင် မြန်ဆန်လာပါ ကြောင်း၊ တစ်ချိန်တည်းမှာပင် နည်းပညာနှင့် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများသည် မီဒီ ယာ အခင်းအကျင်းကို လျင်မြန်စွာ ပြောင်းလဲပုံဖော်နေကြောင်း၊ AI Algorithmsသည် အလွန်လက်တွေ့ ကျသည့် အတုအယောင် အကြောင်းအရာများကို ဖန်တီးနိုင် စွမ်းရှိသည်ကို တွေ့ရှိရပါကြောင်း။
ကမ္ဘာ့လူသားအားလုံးသည် ကမ္ဘာ့ရွာကြီးပေါ်တွင် တန်းတူ ညီတူ ရပ်တည်နေကြခြင်း ဖြစ်ပါ ကြောင်း၊ လူ့အဖွဲ့အစည်း၏ ခံနိုင်ရည်နှင့် တုံ့ပြန်နိုင်စွမ်းကို အားကောင်းစေပြီး နိုင်ငံသားများ အကြား ယုံကြည်မှုတိုးပွားစေ သည့် ဒစ်ဂျစ်တယ်မီဒီယာပတ်ဝန်း ကျင်ကို တည်ဆောက်ရာတွင် အာဆီယံနိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် ပေါင်းစပ်ညှိနှိုင်း မှုသည် အရေးပါသည်ဆိုသည့် အချက်ကို မြန်မာနိုင်ငံအနေနှင့် အပြည့်အဝထောက်ခံပါကြောင်း။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေ ဖြင့် အိမ်ရှင်ဗီယက်နမ်နိုင်ငံ၏ “မီဒီယာ-ခံနိုင်ရည်ရှိပြီး တုံ့ပြန်နိုင် စွမ်းအားကောင်းသော အာဆီယံ အတွက် သတင်းအချက် အလက်မှသည် အသိပညာဆီသို့” ဆိုသည့် အဓိပ္ပာယ်ပြည့်ဝ သော ခေါင်းစဉ်ရွေးချယ်ခဲ့မှုအပေါ် အပြည့်အဝ ထောက်ခံပါကြောင်း။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံ မှ မီဒီယာကဏ္ဍဖွံဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းမြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ၂၀၂၂ ခုနှစ် မေ ၁၉ ရက်တွင် ကျင်းပခဲ့ပြီး ဖြစ်သည့် (၁၉) ကြိမ်မြောက်နှင့် ယခုနှစ်တွင် ကျင်းပသည့် အကြိမ် (၂၀)မြောက် အာဆီယံပြန်ကြား ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များ အစည်းအဝေးမှ ရရှိခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များ၊ အကြံပြုချက်များနှင့် ပတ်သက် သည့် အစီရင်ခံစာများအား တင်ပြ အတည်ပြုခြင်းနှင့် အာဆီယံ သတင်းအချက်အလက်နှင့် မီဒီ ယာဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅)တိုးတက်မှုအပေါ် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး အာဆီယံ ဆွေးနွေးဖက် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစီ အစဉ်ကို စတင်ရာ SOMRI ဥက္ကဋ္ဌ ဖြစ်သော ဗီယက်နမ်နိုင်ငံက သတင်းအချက်အလက်နှင့် မီဒီ ယာမှတစ်ဆင့် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၄) ဆိုင်ရာ နောက်ဆုံးအခြေ အနေများကို ယခုဆွေးနွေးပွဲ တွင် အတည်ပြုဆုံးဖြတ်နိုင်ရန် ဖတ်ကြားတင်ပြပြီး ဗီယက်နမ် နိုင်ငံက ပြန်ကြားရေးကဏ္ဍနှင့် သက်ဆိုင်သည့် အာဆီယံ-COCI ၏ တိုးတက်မှုနှင့် လုပ်ဆောင် ချက်များကို အစီရင်ခံတင်ပြသည်။
အတည်ပြုချက်ရယူ
အစည်းအဝေး၌ AMRI ၏ ASEAN 2030 မှ မျှော်မှန်းချက်၊ ထုတ်ပြန်ချက်၊ ဒါနန်းကြေညာ ချက်၊ သတင်းအတု၊ သတင်းမှား တိုက်ဖျက်ရေးဆိုင်ရာ လမ်းညွှန် ချက်(TBC)၊ သတင်းတုများဆိုင်ရာ အာဆီယံလုပ်ငန်းအဖွဲ့(TFFN)၏ လုပ်ငန်းအစီအစဉ်များ၊ အာဆီယံ-တရုတ် သတင်းအချက်အလက်နှင့် မီဒီယာများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး လုပ်ငန်း စီမံချက် (၂၀၁၈-၂၀၂၄) သက်တမ်း တိုးခြင်း၊ အာဆီယံ+၃ သတင်း အချက်အလက်နှင့် မီဒီယာများမှ တစ်ဆင့် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေး လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၃) သက်တမ်းတိုးခြင်း၊ (၁၆)ကြိမ်မြောက် AMRI နှင့် ဆက်စပ် အစည်းအဝေးများ ၏ ပူးတွဲထုတ်ပြန်ချက်များကို ဆွေးနွေးကာ အတည်ပြုချက်ရယူ ကြသည်။
လက်ခံကျင်းပသွားမည်
(၁၇)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေး များကို ဘရူနိုင်းနိုင်ငံက အိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပသွား မည်သည်။
အဆိုပါ အခမ်းအနားသို့ အာဆီယံနှင့် မိတ်ဖက် (၃) နိုင်ငံ များမှ ပြန်ကြားရေးနှင့် ဆက်သွယ် ရေးဝန်ကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံး မှ တာဝန်ရှိသူများ၊ အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
သီးခြားစီတွေ့ဆုံ
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒါနန်းမြို့ရှိ Furama Resort ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံ တော်ကောင်စီ ပြန်ကြားရေးဌာန ဝန်ကြီး၊ Deputy Head of the Publicity Department of the CPC Central Committee ဖြစ်သူ H.E. Mr. Sun Yeli နှင့်လည်း ကောင်း၊ ဗီယက်နမ်နိုင်ငံ ပြန်ကြား ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E.Nguyen Manh Hung နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံကြသည်။
တရုတ်ပြန်ကြားရေးဌာနဝန်ကြီး နှင့် တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မဟာ ဗျူဟာမြောက် ဘက်စုံ၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ၏ အမျိုးသားအကျိုးစီးပွားကို တိုးတက်မြင့်မားစေရန် ဆောင် ရွက်နေမှုများတွင် ပြန်ကြားရေး ဆိုင်ရာ ကဏ္ဍပေါင်းစုံ (ရုပ်မြင် သံကြား၊ ရေဒီယို၊ ပုံနှိပ်မီဒီယာ၊ အွန်လိုင်းမီဒီယာ၊ အပြန်အလှန် လေ့လာရေး ခရီးစဉ်များ၊ အပြန် အလှန်ချစ်ကြည်ရေးခရီးစဉ်များ စသည်) တွင် လက်ရှိပူးပေါင်း ဆောင်ရွက်နေမှုများအပြင် ထပ်မံ တိုးမြှင့်ဆောင်ရွက်ရေး၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ကမ်းလှမ်း ထားသည့် တရုတ်-မြန်မာ စီးပွား ရေးစင်္ကြံအောက် စီမံကိန်းများ၊ တရုတ်နိုင်ငံမှ ထောက်ပံ့မည့် ယွမ် ၄ ဘီလီယံအောက် စီမံကိန်းများ၊ မဲခေါင်-လန်ချန်း စီမံကိန်းများ၊ အာဆီယံ - တရုတ်ဗဟိုဌာနသို့ ကမ်းလှမ်းထားသည့် စီမံကိန်း၊ တရုတ်အကူအညီဖြင့် ဆောင်ရွက် ရန် ကမ်းလှမ်းထားသည့် စီမံကိန်း များနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ အကြား ချစ်ကြည်ရေးကို ပိုမို တိုးမြှင့်ပေးနိုင်မည့် နိုင်ငံတကာ အနုပညာဗဟိုဌာန(Art Center)စီမံကိန်းများ၊ ရှေးဟောင်းရုပ်ရှင်ရုံ ကို Red Carpet Theater အဖြစ် ဆောင်ရွက်မည့်စီမံကိန်း၊ လူထု အခြေပြုဗဟိုဌာန (Community Centres) စီမံကိန်းများ ကမ်းလှမ်း ထားမှုအခြေအနေများကို ဆွေးနွေး ကြသည်။
ဗီယက်နမ်ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံ ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေး ထိုးထားသည့် ပြန်ကြားရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန် လွှာပါ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ ဖြစ်သည့် သတင်းနှင့် သတင်း အချက်အလက် ဖလှယ်ခြင်း၊ ရုပ်မြင်သံကြားနှင့် ရေဒီယို ထုတ်လွှင့်ခြင်း၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေခြင်း၊ သတင်း ကဏ္ဍတွင် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်တန်းများဖွင့်လှစ်ခြင်း စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆက်လက်ပူးပေါင်းဆောင်ရွက် နိုင်ရေး နှစ်ဖက်ညှိနှိုင်းဆွေးနွေး ကြသည်။
တက်ရောက်
တွေ့ဆုံပွဲများသို့ မြန်မာနိုင်ငံ ဘက်မှ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာအသံအမတ်ကြီး ဦးကျော် စိုးဝင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်နှင့် သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဆွေးနွေး
မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်သည် ဖိလစ်ပိုင် သမ္မတနိုင်ငံ ဖိလစ်ပိုင်ပြန်ကြား ရေးအေဂျင်စီမှ ညွှန်ကြားရေးမှူး ချုပ် H.E.Mr. Jose A.Torres, Jr. နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံသတင်း မီဒီယာနှင့် ပြန်ကြားရေးဆိုင်ရာ ကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
ညပိုင်းတွင် အိမ်ရှင် ဗီယက် နမ်နိုင်ငံက (၁၆) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ (16th ASEAN Ministers’ Responsible for Information and its related Meetings)သို့ တက်ရောက်လာကြ သည့် ဝန်ကြီးများအား တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်