
နေပြည်တော် ဩဂုတ် ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်း က နေပြည်တော်အတွင်းရှိ ကျေးရွာများ စံပြကျေးရွာ ဖြစ်ပေါ်လာစေရေးနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်မှု၊ စီးပွားရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် မကျီးပင်ကွင်းကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေး လူဦးရေ ၄၅၅ ဦး အသုံးပြုနိုင်မည့် စက်ရေတွင်းတူးဖော်ခြင်း၊ အမြင့်တင်ရေစင် တည်ဆောက်ခြင်းနှင့် အိမ်တိုင်ရာရောက်ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ် လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ထုတ်ချေးပေးထားသည့် အသင်းသားများ စိုက်ပျိုး ထားသည့် စိုက်ပျိုးရေးလုပ်ငန်းများ၊ စီမံကိန်းအတိုးရ ငွေဖြင့် ဆောင်ရွက်မည့် ခန်းမဆောင်တည်ဆောက် မည့် မြေနေရာများကို လည်းကောင်း၊ လူထုဗဟိုပြု စီမံကိန်းဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်း၊ အုတ်ရေမြောင်းဆောင်ရွက်ပြီးစီးမှု ကိုလည်းကောင်း၊ လယ်ဝေးမြို့နယ် ရန်ကင်းကျေးရွာတွင် လူဦးရေ ၄၅၅ ဦး အသုံးပြုနိုင်မည့် စက်ရေတွင်းတူးဖော်ခြင်း၊ အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ အိမ်တိုင်ရာ ရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် သမဝါယမကဏ္ဍ မြှင့်တင်ရေးနှင့် အသေးစား၊ အလတ်စား စက်မှု လက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ကာ ဘက်စုံ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာသူ ကျေးရွာ သားများအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို တက်ကြွစွာပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း နှင့် ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုး ထားပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်း သိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ပိုင်ရှင်စိတ် (Owner Ship) ဖြင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း များကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများနှင့်ပေါင်းစပ်ကာ စံပြ ကျေးရွာများ ဖြစ်ပေါ်လာစေရေး၊ အခြေခံအဆောက် အအုံ လိုအပ်ချက်များ စီးပွားရေးလိုအပ်ချက်များ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးလက် ရေရရှိရေးလုပ်ငန်း ၄၇ ခု၊ ကျေးလက်ကုန်ထုတ်လမ်း ၁၈ မိုင် ၂ ဖာလုံ၊ ကျေးလက်ကုန်ထုတ် တံတား ၄၂ စင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ခုနစ်ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၁၆ ရွာနှင့် ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ၃၄ ကြိမ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်