
နေပြည်တော် ဇန်နဝါရီ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်း က အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက် ရှိသော သပြေစမ်းကျေးရွာ အဝင်လမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီး မှုနှင့် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ရှိ အိမ်ခြေ ၂၄၅ အိမ်၊ လူဦးရေ ၈၆၇ ဦးတို့၏ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြကြ ရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ် ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီ ပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန် မှာကြားပြီး ကျေးရွာအတွင်း တစ်ပိုင်တစ်နိုင် နွားမွေးမြူနှင့် ဆိတ် မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာသို့ ရောက်ရှိ ပြီး ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် စိုက်ပျိုးဧက ၁၅ ဧကပေါ်တွင် ရုရှားသဘာဝ မြေဩဇာအသုံးပြု၍ အစေ့ထုတ်ပြောင်း GT-200 မျိုး စမ်းသပ်စိုက်ပျိုးထားရှိမှု၊ နွေစပါးနှင့် ဆောင်းသီးနှံ များ စိုက်ပျိုးထားရှိမှု၊ ပြောင်းချဉ်ဖတ်ထုတ်လုပ် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က သမဝါယမအသင်းသား တောင်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သီးနှံများ အထွက်တိုးစေရေးအတွက် လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျ ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက် မှု အဆင့်ဆင့်ကို စနစ်တကျမှတ်တမ်းတင်ထားရှိရန် လိုအပ်ကြောင်း၊ ပြောင်းချဉ်ဖတ်ထုတ်လုပ်ရာတွင် ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်