
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဆိုင်ကလုန်းမုန်တိုင်းမိုခါပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ
မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ လှည့်လည်ကြည့်ရှု
စစ်တွေ စက်တင်ဘာ ၁
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ သည် ယနေ့နံနက်ပိုင်းက နေပြည်တော်မှ စစ်တွေ မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံ ပေးအဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်၊ ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ခရီးစဉ်တွင် လိုက်ပါလာသည့် သံတမန်အဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေး ကြသည်။
မျက်မြင်တွေ့ရှိလေ့လာနိုင်ရန်
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က ယခုသံတမန်ခရီးစဉ်သည် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို မြေပြင် တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ များကို ပြန်လည်လက်ခံရန် မြန်မာအစိုးရ၏ လက်တွေ့ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေမှန် များကို မျက်မြင်တွေ့ရှိ လေ့လာနိုင်ရန်အတွက် စီစဉ် ခြင်းဖြစ်ပါကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ရာ၌ မည်သူ တစ်ဦးတစ်ယောက်မျှ ချန်လှပ်မှုမရှိစေရေးနှင့် မူလ အခြေအနေထက် သာလွန်ကောင်းမွန်သည့် အခြေ အနေဆောင်ရွက်ပေးရေးမူဝါဒတို့ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး တွင်လည်း စိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို အလေးထားရှင်းလင်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်က ဆိုင်ကလုန်းမိုခါ ဘေးဒဏ်သင့်ဒေသ များ၌ တုံ့ပြန်ဆောင်ရွက်မှုနှင့် ပြန်လည်ထူထောင် ရေး တိုးတက်မှုအခြေအနေ မေ ၆ ရက်မှ ဇွန် ၃၀ ရက်အထိ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောနိုင် က ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအစီ အစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်က ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍လည်းကောင်း၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ MoU အရ မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရေးလုပ်ငန်းများအတွက် ဆောင် ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
များစွာဝမ်းမြောက်မိ
ထို့နောက် ခရီးစဉ်တွင် လိုက်ပါလာကြသည့် သံတမန်များက ပြန်လည်ဆွေးနွေးရာတွင် မိုခါ မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို သိရှိရ သည့်အပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် နေရာချထားရေး အစီအမံ များကို မြန်မာနိုင်ငံမှ နိုင်ငံရေးဆန္ဒရှိစွာဖြင့် ဆောင်ရွက်ပေးနေမှုများကိုလည်း ကြားသိရသည့် အတွက် များစွာဝမ်းမြောက်မိပါကြောင်းနှင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တုံ့ပြန်ဆောင်ရွက်မှု များနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ ဆောင်ရွက် ချက်များကို အသိအမှတ်ပြုပါကြောင်း ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန် အဖွဲ့သည် စစ်တွေမြို့ မေယုလမ်းနှင့် ချင်းပျံ လမ်းထောင့်ရှိ ရှင်မာကုကသီဒြယ် ခရစ်ယာန်ဘုရား ရှိခိုးကျောင်းသို့ ရောက်ရှိရာ ဘုရားကျောင်းမှ တာဝန် ရှိသူများက မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိ မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် သံတမန် အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံး စီမံကိန်းဆိပ်ကမ်း သို့ရောက်ရှိကြပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ပစ္စည်းများ တင်ဆောင်လာ သည့် MERCURY FORCE သင်္ဘောပေါ်မှ ထောက်ပံ့ ရေးပစ္စည်းများအား ဘေးသင့်ဒေသများသို့ ဖြန့်ခွဲ ပို့ဆောင်မည့် မော်တော်ယာဉ်များပေါ်သို့ တင်ဆောင် နေမှုများကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန် အဖွဲ့သည် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ရောက်ရှိကြပြီး ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေ မှု အခြေအနေများကို ကြည့်ရှုကြကာ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တွေ မြို့ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်း တိုက်နှင့် သကျမုနိဘုရားသိမ်တော်ကြီးအား ရှေးမူ မပျက် ပြန်လည်ပြုပြင်မှုကို ကြည့်ရှုလေ့လာကြ သည်။
ကြည့်ရှုလေ့လာ
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန် အဖွဲ့သည် စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ မုန်တိုင်း ဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန် နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေး အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက် အရောင်းဆိုင်များ၏ ရောင်းချပေးနေမှုများကို သွားရောက်ကြည့်ရှု လေ့လာကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် သံတမန် အဖွဲ့သည် စစ်တွေမြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ မတူကွဲပြားမှုများရှိသော်လည်း အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရန်နှင့်ပြဿနာများကို အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် လူမှုသဟဇာတနှင့် လူမှု ပေါင်းစည်းရေးဆိုင်ရာ(ဆင့်ပွား) သင်တန်းနှင့် စက်ချုပ်အတတ်ပညာဖြင့် လူမှုဘဝရပ်တည်နိုင်ရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်သည့် အခြေခံ စက်ချုပ်သင်တန်းသို့ရောက်ရှိပြီး သင်တန်းတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ဒေသခံတိုင်းရင်း သူများနှင့် IDP စခန်းများမှ အမျိုးသမီးများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြား ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန် အဖွဲ့သည် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် စစ်တွေတက္ကသိုလ်၊ သဲချောင်းကျေးရွာ နှင့် ဒါးပိုင်ကျေးရွာများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုလေ့လာ ကြပြီး သက္ကယ်ပြင် IDP စခန်း၌ စခန်းတွင် နေထိုင် သူများ၊ စခန်းတာဝန်ခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ကာ အားပေးစကားပြောကြား၍ (ယာပုံ) သက္ကယ်ပြင် တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက် ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကြ သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် သံတမန်အဖွဲ့သည် စစ်တွေဟိုတယ် ၌ ပြည်နယ်ဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြသည်။
သတင်းစဉ်