
ရန်ကုန် ဇူလိုင် ၁၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့်အတူ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံ သွားရောက် ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေများကို မေးမြန်း၍ သာသနာတော်ဆိုင်ရာ များ လျှောက်ထားသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ဆရာတော်ကြီးထံမှ ဩဝါဒခံယူကာ ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ ငွေကျပ် သိန်း ၃၀ ဆက်ကပ်လှူဒါန်းသည်။
(၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုသည် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ ရောက်ရှိကာ အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနားအတွက် အစမ်းလေ့ကျင့်မှု များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၂ နာရီတွင် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတို့နှင့် အတူ ပိဋကသုံးပုံပါဠိတော်ကို (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော်ကျမ်း ၅၃ ကျမ်း (အုပ်ရေ ၄၀) တို့ကို ပုံနှိပ်စက်တင် ရိုက်နှိပ်ဆောင်ရွက်နေသည့် မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ကမ္ဘာအေးစာပုံနှိပ်တိုက်သို့ ရောက်ရှိ၍ လုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေကို ကြည့်ရှုပြီး ပုံနှိပ်စက်တင်၍ ရိုက်နှိပ်ခြင်းဆောင်ရွက်ရာတွင် အမှားအယွင်းမရှိစေရေး၊ စာလုံးများ ထင်ရှားသပ်ရပ် စေရေး၊ ကျမ်းစာအုပ်များ အဆင့်မီစေရေးနှင့် အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးတို့ကို အလေးအနက် ထား၍ ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားကာ ပုံနှိပ်စက်တင်ရိုက်နှိပ် ဆောင်ရွက် နေမှုနှင့် စာဖောင်ခေါက်ခြင်း ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်