ပြည်ထောင်စုဝန်ကြီး ဦးကိုကို “လောဘအမှောင်” ဆို ငို ပြော ဇာတ်တော်ကြီး ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေး

 

နေပြည်တော်    ဇွန်    ၂၇ 


အနုပညာဦးစီးဌာနမှ   အနုပညာရှင်ဝန်ထမ်းများ၏  “လောဘအမှောင်”    ဇာတ်တော်ကြီး  ဝတ်စုံပြည့်  ဇာတ်တိုက်လေ့ကျင့်ခြင်းကို  ယမန်နေ့ ညနေပိုင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၅) ရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ဆောင်ရွက်သည်။
ကြည့်ရှုအားပေး
ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်နေမှုကို သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊   ပြည်သူ့ဆက်ဆံရေးနှင့်   စိတ်ဓာတ်စစ်ဆင်ရေး   ညွှန်ကြားရေးမှူးရုံး     ဒုတိယညွှန်ကြားရေးမှူး   ဗိုလ်မှူးချုပ်   စိုးသန်း၊    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူး ချုပ်များ၊     ဒုတိယအမြဲတမ်းအတွင်းဝန်များ၊      တာဝန်ရှိသူများက   သွားရောက် ကြည့်ရှုအားပေးသည်။
လေ့ကျင့်ဇာတ်တိုက်မှုအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက စင်တင်အနုပညာဖြစ်သည့် ပြဇာတ်နှင့် ဇာတ်တော်ကြီးများ၏ အနှစ် သာရသည် အပြောပညာရပ်ဖြစ်ကြောင်း၊ စာပေ၏ အနှစ်သာရသည် အတွေးဖြစ်ကြောင်း၊  ရုပ်ရှင်၏  အနှစ်သာရသည် လှုပ်ရှားမှုဖြစ်ကြောင်း၊ ထို့ကြောင့် ဇာတ်သဘင်၏ အပြောပညာရပ်ကို အလေးထား၍ လေ့ကျင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က အကြံပြုဖြည့်စွက် ဆွေးနွေးကြသည်။ 
ဂုဏ်ပြုဆုငွေများ ချီးမြှင့်
ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် တင်ဆက်ကပြသူအနုပညာရှင် ဝန်ထမ်းများကို  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဦးအောင်နိုင်ဦးတို့ က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်