
နေပြည်တော် ဇန်နဝါရီ ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ပဲခူးမြို့ မြို့တော်ခန်းမ ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် နိုင်ငံသားတိုင်း ကိုင်ဆောင်သင့် သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ (၁၈)လကြာ ဆောင်ရွက် ရန်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ၃ ဒသမ ၄ သန်းကျော် ဆောင်ရွက် ပေးရန် လျာထားဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၉၅၇၆ ကတ် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ ၁၆၇၉၈၇ ကတ် ပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၅ ဒသမ ၂၇ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် ကျော်လွန်အောင် ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။
ယခုကဲ့သို့ ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့ခြင်းသည် မိမိတို့ဌာနတစ်ခုတည်းကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့်အဆင့်၏ ကြီးကြပ်ကွပ်ကဲမှု၊ ဆက်စပ်ဌာန များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ပြည်သူ များ၏ ပူးပေါင်းပါဝင်မှုများကြောင့်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအနက် ပထမဦးဆုံး တိုင်းလုံးကျွတ် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း စီမံချက်အရလျာထားချက် ပြည့်မီအောင်ဆောင်ရွက်နိုင်သော်လည်း ပြီးဆုံးခြင်း မရှိသည့်အတွက် ယင်းလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း၊ စီမံချက် လုပ်ငန်းများအောင်မြင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပါ ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး ဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်း စီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင် အကောင်အထည် ဖော်ဆောင်ရွက် မှုနှင့် လုပ်ငန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ အား ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်း စီမံချက်ကို တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် ပေးကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၂၀ ကို တိုင်းဦးစီးမှူး ထံသို့ လည်းကောင်း ပေးအပ်ပြီးနောက် ပန်းခင်း စီမံချက်အား ထူးထူးချွန်ချွန်ကြိုးပမ်း ဆောင်ရွက်ခဲ့ ကြသည့် ဝန်ထမ်းများအား တစ်ဆင့်မြှင့်ရာထူး တိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေး သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများက ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား ဂုဏ်ပြု မှတ်တမ်းလွှာမျာ နှင့် e-ID လုပ်ငန်းဆောင်ရွက်ရာ တွင် အသုံးပြုရန်အတွက် ကွန်ပျူတာ ၂၈ စုံတို့ကို ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာကြသူများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” သီချင်းနှင့် “ကြိုလင့်နေမည် ပဲခူးတိုင်းဌာနေ” သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်မှု၊ ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ Video clip ပြသမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် အီလက်ထရွန်နစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သည် ပဲခူးမြို့ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ရှင်းလင်းမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပဲခူး မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးသူများ ၏ ကိုယ်ရေးအချက်အလက်များ ကွန်ပျူတာဖြင့် ဖြည်သွင်းကာ e-ID စနစ်ဖြင့် ချိတ်ဆက်အသုံးပြု နိုင်ရေးအတွက် တိုက်ဆိုင်စစ်ဆေးနေမှုနှင့် မှတ်တမ်းခန်း၌ ကိုယ်ရေးဖိုင်များ စနစ်တကျ ထိန်းသိမ်း ထားရှိမှု ကို လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်