ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ Online e-Visa ထုတ်ပေးခြင်းဆိုင်ရာ အစည်းအဝေးတက်ရောက်  

 

 

နေပြည်တော်    ဧပြီ   ၄
လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီး ဌာနသည် Online e-Visa စနစ်ဖြင့် Business Visa (လုပ်ငန်းဗီဇာ) လျှောက်ထားမှုကို ယာယီရပ်ဆိုင်း ထားရာမှ ခွင့်ပြုချက်ဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏     ကိုဗစ်-၁၉   ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည် ခွင့်ပြုဆောင်ရွက်လျက်ရှိရာ ခရီးသွားများ အဆင်ပြေ စွာ လျှောက်ထားဆောင်ရွက်နိုင်ရေးအတွက် Online e-Visa  ထုတ်ပေးခြင်းဆိုင်ရာ  အစည်းအဝေးကို ယနေ့   နံနက် ၁၀ နာရီက   အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
၅၅  နိုင်ငံကို ခွင့်ပြုဆောင်ရွက်ပေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် Online e-Visa စနစ်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး Online e-Visa (ကမ္ဘာလှည့်)ကို နိုင်ငံပေါင်း ၁၀၀၊ Online e-Visa (လုပ်ငန်း)ကို နိုင်ငံပေါင်း ၅၅  နိုင်ငံကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာမှ ကိုဗစ်-၁၉ ကပ် ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက် တွင် ခေတ္တရပ်ဆိုင်းထားခဲ့ပါကြောင်း၊ လက်ရှိအခြေ အနေတွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းလျက်ရှိရာ      လာမည့်    ဧပြီ ၁၇ ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ   နိုင်ငံတကာလေကြောင်းလိုင်းများ   ပြန်လည် ဝင်ရောက် ပျံသန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာပြီးဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့်      ခေတ္တရပ်ဆိုင်းထားသည့် Online e-Visa အနက် Business Visa (လုပ်ငန်းဗီဇာ) ကို ဧပြီ ၁ ရက်မှ စတင်လျှောက်ထားနိုင်ကြောင်းကို e-Visa website မှ   ကြေညာထားပြီး ယခုအထိ လျှောက်ထားသူ ၅၄ ဦး ရှိပြီဖြစ်ကြောင်း။
လိုအပ်ချက်များကို ဆွေးနွေး
 ယင်းသို့  ကြေညာရာတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြပါ ရှိသော်လည်း ဝင်ရောက်လာသည့် နိုင်ငံခြားသား များအတွက် ကျန်းမာရေးဆိုင်ရာ အာမခံဝန်ဆောင်မှု ပေးရေးကိစ္စများနှင့် ခရီးသွားများလိုက်နာရန် လိုအပ် ချက်များ၊ အခြားသောဌာနများ၏ လိုအပ်ချက်များ ထပ်မံထည့်သွင်း ဖော်ပြနိုင်ရေးအတွက် ယခုအစည်း အဝေး ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ e-Visa(လုပ်ငန်း) ဖြင့်     လျှောက်ထားသူများအတွက်    ပြန်လည် အကြောင်းပြန်နိုင်ရေးနှင့်  ဧပြီ ၁၇ ရက်တွင် အပြည် ပြည်ဆိုင်ရာ လေကြောင်းလိုင်းများမှ ဝင်ရောက်လာ မည့်    ခရီးသွားများအတွက်    အဘက်ဘက်က ပြည့်စုံမှန်ကန်သည့် သတင်းအချက်အလက်များ   ထုတ်ပြန်ဖော်ပြ  ကြေညာနိုင်ရေးအတွက် လိုအပ် ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်  ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး   ပါမောက္ခချုပ်  ဒေါက်တာအေးထွန်းက ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များနှင့်ပတ်သက်၍ ဗဟိုကော်မတီသို့ နောက်ဆုံးတင်ပြ ထားသည့်    အချက်အလက်များ၊   ကယ်ဆယ်ရေး လေယာဉ်နှင့်      ပုံမှန်လေကြောင်းလိုင်းများတွင် လိုက်ပါလာမည့် ခရီးသွားများအတွက် ကျန်းမာရေး ဆိုင်ရာ  ဆောင်ရွက်မည့်အစီအစဉ်များကို  လည်း ကောင်း၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်၊ မြန်မာ့အာမခံ လုပ်ငန်း   ဦးဆောင်ညွှန်ကြားရေးမှူး  ဒေါက်တာ ဒေါ်စန္ဒာဦး၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီး ဌာန    ညွှန်ကြားရေးမှူးချုပ်  ဦးကျော်တင်ရှိန်နှင့် တက်ရောက်လာကြသူများက  ခရီးသွားအာမခံနှင့် ကျန်းမာရေးအာမခံထားရှိမှုအတွက်  ဆောင်ရွက် သည့်လုပ်ငန်းစဉ်များ၊   အာမခံဆိုင်ရာမူဝါဒများနှင့် ဝန်ဆောင်မှုများ၊        နိုင်ငံခြားသံရုံးများတွင် လျှောက်ထားခွင့် ပြုမည့် ပြည်ဝင်ဗီဇာကိစ္စရပ်များနှင့် ဆောင်ရွက်နေမှု၊ တည်းခိုနေထိုင်ရေးနှင့် Quaran-tine ဝင်ရောက်ရေးဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများ၊ Online e-Visa ခွင့်ပြုဆောင်ရွက်နိုင်ရေးအတွက် ဖြည့်စွက်ကြေညာသင့်သည့်  အချက်များကိုလည်း ကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။ 
ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး
ထို့နောက်    ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး   မိမိတို့ဌာနမှ   ဧပြီ  ၁ ရက်တွင် စတင်လျှောက်ထားခွင့်ပြုသည့် Online e-Visa စနစ် Business Visa (လုပ်ငန်းဗီဇာ)အတွက် လိုအပ်ချက်များ ဖြည့်စွက်ဆောင်ရွက်မည့်အစီအစဉ် နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ စတင် မည့် ဧပြီ ၁၇ ရက်တွင် ဆောင်ရွက်မည့်ကိစ္စရပ်များ ၌   ပြည်ပခရီးသွားများအားလုံးအတွက်   အသိပေး ဆောင်ရွက်မည့်     အစီအစဉ်များကို    အတည်ပြု ထုတ်ပြန်ကြေညာ ဆောင်ရွက်မှုများနှင့်ပတ်သက် ၍  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။                                             သတင်းစဉ်