ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်

 

 

နေပြည်တော် ဇန်နဝါရီ ၂၁

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ပြီး အဆိုပါအစည်းအဝေးသို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။

 

အလေးပေးဖော်ဆောင်

အစည်းအဝေးတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dato Erywan Pehin Yusof က ၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားရာတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း “သာယာဝပြောသော အာဆီယံအသိုက်အဝန်းဆီသို့ အပြန်အလှန်ဖေးမကူညီမှု ဖြင့် အတူတကွ ပြင်ဆင်ဆောင်ရွက်ကြပါစို့” (We Care, We Prepare, We Prosper) ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိက ဦးစားပေးလုပ်ငန်းစဉ် (၃) ခု ဖြစ်သည့် ပြည်သူကို ဗဟိုပြုလျက် သာတူညီမျှရှိ၍ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော အာဆီယံအသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေး အတွက် အာဆီယံ၏ အပြန်အလှန်ဖေးမကူညီမှုကို အခြေခံ၍ ဆောင်ရွက်ရန်၊ အာဆီယံအနေဖြင့် လက်ရှိကာလနှင့် နောင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး ပြည်သူများအတွက် အကျိုး ဖြစ်ထွန်းစေမည့် အခွင့်အလမ်းသစ်များ ယူဆောင်ပေးနိုင်ရန် ကြံ့ကြံ့ခံရပ်တည် နိုင်စေရေးအတွက် အနာဂတ်ကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်နှင့် ဒေသတွင်း စဉ်ဆက်မပြတ် သာယာဝပြောစေရေးကို မြှင့်တင်ဆောင်ရွက်ရန်နှင့် အားလုံး အတွက် အခွင့်အလမ်းများကို ဖန်တီးပေးရန်တို့ကို အလေးပေးဖော်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက် များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ၏ ပြင်ပဆက်ဆံရေး၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိစ္စနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စများကို ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။

အာဆီယံ၏ ဦးစားပေးတစ်ခု

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ထောက်ခံလျက် ဦးစားပေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် သိသာထင်ရှားသည့် ရလဒ်ကောင်းများရရှိရန်နှင့် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းမှုများ ပိုမိုတိုးတက်စေရန် ဘရူနိုင်းဒါရူဆလမ်နိုင်ငံက ဦးဆောင်သွားမည်ဟု ယုံကြည်ကြောင်းနှင့် လုံခြုံစိတ်ချရမှုရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆောလျင်စွာရရှိရေးကိုလည်း အာဆီယံ၏ ဦးစားပေးတစ်ခု အနေဖြင့် ဆောင်ရွက်ရန် အရေးကြီးကြောင်းကို ပြောကြားသည်။

ဆွေးနွေးမှုရလဒ်များ ရှင်းလင်း

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ ပြန်လည်ဝင်ရောက်လာသူများအတွက် ကောင်းမွန်သော ပတ်ဝန်း ကျင်တစ်ရပ် ဖန်တီးရာ၌ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များ၊ အာဆီယံ ပဏာမဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များကို ဖော်ဆောင်ရန်အတွက် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံသဘော တူညီချက်နှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို စတင်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်း လျက်ရှိသည့် အခြေအနေများအပြင် ဇန်နဝါရီ ၁၉ ရက်တွင် ဗီဒီယိုကွန်ဖရင့် ဖြင့် ပြုလုပ်ခဲ့သည့် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် ဒုတိယဝန်ကြီး အဆင့် အလွတ်သဘောအစည်းအဝေး၌ နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်/လက်ခံရေး စတင်အကောင်အထည်ဖော်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးမှုရလဒ် များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပံ့ပိုးကူညီသွားမည်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးအပြီးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ရာ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူညီချက် များနှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်/ လက်ခံရေးလုပ်ငန်းစဉ်ကို စတင်နိုင်ရေး ဆောင်ရွက်မှုများအပါအဝင် ရခိုင်ပြည်နယ် အခြေအနေကို ဖြေရှင်းရန် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်များကို ကြိုဆို ပါကြောင်း၊ အသိုက်အဝန်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ် ရေး၊ အားလုံးပါဝင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးတို့ကို ဆောင်ရွက်ရန် အတွက် တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှု များကို အာဆီယံအနေဖြင့် ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု ထပ်လောင်း အတည်ပြုပါကြောင်း၊ ယင်းသို့ ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံကို ပံ့ပိုးကူညီရန် အာဆီယံအနေနှင့် ပိုမိုထိရောက်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် အဆင်သင့်ရှိမှုကိုလည်း ထပ်လောင်းအတည်ပြုကြောင်း၊ အာဆီယံပဏာမ ဆန်းစစ်လေ့လာမှု အစီရင်ခံစာပါ အကြံပြုချက်များကို ဖော်ဆောင်ရာတွင် အာဆီယံအတွင်းရေးမှူးချုပ်၏ ကြိုးပမ်းမှုများအပေါ် ကျေးဇူးတင်ရှိကြောင်းကို ထပ်လောင်းဖော်ပြအပ်ကြောင်း၊ အလုံးစုံလိုအပ်ချက်ဆန်းစစ်လေ့လာမှု စတင် နိုင်ရေးကိုလည်း မျှော်လင့်ကြောင်းနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်/ လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက် ဖြစ်နိုင်ဖွယ်ရှိသည့် နယ်ပယ်များကို ဆက်လက်ဖော်ထုတ်နိုင်ရေးအတွက် အာဆီယံအတွင်း ရေးမှူးချုပ်ကို တိုက်တွန်းအားပေးကြောင်း ဖော်ပြထားသည်။

ယခုအစည်းအဝေးသည် ၂၀၂၁ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ လက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ပြီး ဘရူနိုင်းဒါရူဆလမ်နိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ထမ်းဆောင်မည်ဖြစ်သည်။ သတင်းစဉ်