ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (၁၇)ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်

 

 

 

နေပြည်တော် ဇန်နဝါရီ ၂၂

(၁၇)ကြိမ်မြောက် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ) ဝန်ကြီးအဆင့် အစည်းအဝေး ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တူရကီ နိုင်ငံ အန်ကာရာမြို့၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။ (ယာပုံ)

အဆိုပါအစည်းအဝေး၌ တူရကီ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မေဗလွတ် ကာဗယ်စလူ က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အေစီဒီအဖွဲ့ဝင်နိုင်ငံများမှ ဒုတိယ ဝန်ကြီးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီး များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

အမြင်ချင်းဖလှယ်

အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံ များမှ ဝန်ကြီးများ၊ ကိုယ်စားလှယ် များက “နေထိုင်မှု ပုံစံအသစ်၊ လုံခြုံ စိတ်ချ ကောင်းမွန်သည့် ခရီးသွား လုပ်ငန်း” ခေါင်းစဉ်အောက်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ ထိခိုက် မှုများ လျော့ပါးသက်သာစေရေး အတွက် အေစီဒီအဖွဲ့ဝင် နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ပတ်သက်၍ အမြင် ချင်းဖလှယ်ခဲ့ကြသည်။

ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိ

ပြည်ထောင်စုဝန်ကြီးဦးကျော်တင် က မိန့်ခွန်းပြောကြားရာ၌ ယနေ့ ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် အာရှနိုင်ငံများ၏ ဂျီဒီပီကို အဓိက ပံ့ပိုးပေးလျက်ရှိ သည့် ခရီးသွားလုပ်ငန်းနှင့် ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် ကဏ္ဍအသီးသီးကို ထိခိုက်စေခဲ့ ကြောင်း၊ အာရှဒေသသည် မိမိတို့၏ သမိုင်းကြောင်း၊ မတူကွဲပြားမှုနှင့် ယဉ်ကျေးမှု အမွေအနှစ်ကြွယ်ဝမှုနှင့် သဘာဝအလှအပတို့ကြောင့် ခရီးသွား လုပ်ငန်းကို ပြန်လည်ဦးမော့လာ စေရန် အလားအလာကောင်းများစွာရှိနေကြောင်း၊ ဒေသတွင်းနှင့် ဒေသ တစ်ခုနှင့် တစ်ခုအကြား ခရီးသွား လုပ်ငန်းများကို မြှင့်တင်ခြင်းသည် စီးပွားရေးကိုသာမက ပြည်သူများ အကြား အပြန်အလှန်နားလည် ချစ်ကြည်မှုကို တိုးမြှင့်နိုင်မည်ဖြစ်ကာ ဒေသတွင်းငြိမ်းချမ်းရေး၊ သဟဇာတ ဖြစ်ရေးနှင့် သာယာဝပြောရေးကိုပါ ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု အခြေ အနေကို ထိန်းချုပ်နိုင်လာသည့်အခါ မြန်မာနိုင်ငံသည် နှစ်နိုင်ငံချင်းနှင့် ဒေသတွင်း လုံခြုံသည့်ခရီးသွားလာ ရေးအစီအမံများကို အကောင်အထည် ဖော်နိုင်ရန် လိုအပ်သည်များ ပြင်ဆင် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာပိုလျှံသည့် စိုက်ပျိုးရေး နိုင်ငံဖြစ်သည့်အလျောက် အရှေ့ အလယ်ပိုင်းနိုင်ငံများအပါအဝင် အာရှ နိုင်ငံများရှိ ဈေးကွက်သစ်များသို့ စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်းများ တင်ပို့မှု မြှင့်တင်ခြင်းဖြင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုကို အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်းနှင့် အေစီဒီ ၏ ဘုံရည်မှန်းချက်များ အောင်မြင်ရေး အတွက် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းတို့ကို ထည့်သွင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် အန်ကာရာ ကြေညာချက်ကို အတည်ပြုထုတ်ပြန် ခဲ့ရာ ယင်းကြေညာချက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု ကာကွယ် တားဆီးရေး၊ ကျန်းမာရေးညွှန်ကြား ချက်၊ စည်းကမ်းချက်များနှင့်အညီ ခရီးသွားလုပ်ငန်းနှင့် ခရီးသွား ဝန်ဆောင်မှုကဏ္ဍ ဘက်စုံပြန်လည် ထူထောင်ရာတွင် သတင်းအချက် အလက်နှင့် အလေ့အကျင့်ကောင်းများ ကို မျှဝေဖလှယ်ရေးနှင့် ၂၀၂၁ ခုနှစ် တွင် ကာတာနိုင်ငံက ကြီးမှူးကျင်းပ မည့် တတိယအကြိမ်မြောက် အေစီဒီ ထိပ်သီး အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရေးကိစ္စများ အပါ အဝင် ထောက်ခံတင်ပြချက်များကို ထည့်သွင်းဖော်ပြထားသည်။

ဦးစားပေး ကဏ္ဍ

အာရှပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာဆွေးနွေးပွဲ (အေစီဒီ)ကို အာရှ ဒေသ၏ စုပေါင်းစွမ်းအား၊ ကြွယ်ဝ သည့်အရင်းအမြစ်များ၊ မတူကွဲပြားမှု နှင့် အခွင့်အလမ်းများကို ဖော်ထုတ်၍ ခိုင်မာအားကောင်းသည့် ဒေသတစ်ခု ဖြစ်စေရန် ရည်ရွယ်၍ ဦးစားပေး ကဏ္ဍ ခြောက်ခု ချမှတ်ကာ ပူးပေါင်း ဆောင်ရွက်ရန်အတွက် ၂၀၀၂ ခုနှစ်၊ ဇွန်လတွင် ထိုင်းနိုင်ငံ၌ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အေစီဒီ ဆွေးနွေးပွဲတွင် အဖွဲ့ဝင်အဖြစ် အာရှ ဒေသမှ ၃၅ နိုင်ငံ ပါဝင်သည်။

သတင်းစဉ်