
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (၁၃)ကြိမ်မြောက် ဘာလီဒီမိုကရေစီဖိုရမ်သို့ တက်ရောက်မိန့်ခွန်းပြောကြား
=====================================================
နေပြည်တော် ဒီဇင်ဘာ ၁ဝ
(၁၃)ကြိမ်မြောက် ဘာလီဒီမိုကရေစီဖိုရမ် ဝန်ကြီးအဆင့် အစည်းအဝေးကို ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ပါဝင်တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး မစ္စ ရတ်နိုအယ်လ်ပီ မာဆူဒီက အဖွင့်မိန့်ခွန်း ပြောကြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မိန့်ခွန်း ပြောကြားရာတွင် စိန်ခေါ်မှုများ မြင့်မားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဒီမိုကရေစီနှင့် အားလုံးပါဝင် သော ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအတွက် ဘာလီ ဒီမိုကရေစီဖိုရမ်ကို စီစဉ်ကျင်းပနိုင်ခြင်းအပေါ် အင်ဒိုနီးရှား အစိုးရအား ကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်ရာတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည့်အလျောက် ယခုကျန်းမာရေး အကျပ်အတည်း သည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ ပြန်လည်ရှင်သန် လာစေရန် အခွင့်အခါကောင်းတစ်ရပ်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ဆောင်ရွက်ချက်များသည် ပြည်သူ များ၏ အခွင့်အရေးနှင့် လွတ်လပ်မှုကို ကန့်သတ်မှုများ ဖြစ်ပေါ်စေခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် တိုးတက်မှုများကို နောက်ကြောင်းပြန်လှည့်စေခြင်းနှင့် မညီမျှမှုကွာဟချက်များ ပိုမိုကြီးမားစေခြင်းတို့မှာ ကပ်ရောဂါအနေဖြင့် ဒီမိုကရေစီအပေါ် ခြိမ်းခြောက်စေသည့် အကြောင်းတရားများဟု ဆိုရမည်ဖြစ်ကြောင်း၊ ကပ်ရောဂါ အား အောင်မြင်စွာနှိမ်နင်းနိုင်ရေးအတွက် နိုင်ငံရေးအရ ဦးဆောင်မှုနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အရေးကြီး ကြောင်းနှင့် မိမိတို့နိုင်ငံ၏ အတွေ့အကြုံအရ နိုင်ငံရေး ဦးဆောင်မှု၊ တားဆီးကာကွယ်ရေးအစီအမံများ ဆောင်ရွက်မှု၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုတို့သည် ကပ်ရောဂါအား တိုက်ဖျက်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှုရလဒ်များရရှိနိုင်ကြောင်း အလေးထားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ကပ်ရောဂါကာလအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ဆန္ဒမဲပေးသည့် လုပ်ငန်းစဉ်များအတွက် တိကျသည့် ကပ်ရောဂါထိန်းချုပ်ရေး စည်းမျဉ်းများနှင့် ကျန်းမာရေးလမ်းညွှန်ချက်များ ချမှတ်ခြင်းနှင့် မဲဆန္ဒရှင် ပြည်သူများ၏ ကျန်းမာရေးလုံခြုံမှုရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ခြင်းတို့ဖြင့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွေ့အကြုံများကို မျှဝေခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအောင်မြင်မှုသည် မြန်မာပြည်သူ များက ဒီမိုကရေစီစနစ်အပေါ် ဆက်လက်ယုံကြည်မှုနှင့် ဆန္ဒပြင်းပြမှုတို့ကို သက်သေပြလိုက်ခြင်းဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုသမိုင်းကြောင်း တွင် မှတ်တိုင်တစ်ရပ်စိုက်ထူနိုင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ဘာလီဒီမိုကရေစီဖိုရမ်အနေ ဖြင့် ဒီမိုကရေစီစံနှုန်းများ ဆက်လက်မြှင့်တင်ရန်၊ ဒီမို ကရေစီအတွက် ကြိုးပမ်းအားထုတ်နေသည့်နိုင်ငံများအား စိန်ခေါ်မှုများ ကျော်လွှားနိုင်ရေး လက်တွဲကူညီပေးရန်နှင့် ဒေသတွင်း ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့် သာယာ ဝပြောရေးတို့ကို အားပေးမြှင့်တင်နိုင်ရေးအတွက် ဆတက် ထမ်းပိုးဆောင်ရွက်သွားရန်တို့ လိုအပ်ကြောင်း အလေးထား ပြောကြားသည်။
ဘာလီဒီမိုကရေစီဖိုရမ်ကို အာရှ-ပစိဖိတ်ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေး ရည်ရွယ်၍ အင်ဒိုနီးရှားနိုင်ငံက ၂၀၀၈ ခုနှစ်တွင် စတင် ဦးဆောင် ကျင်းပခဲ့သည်။ ယခုနှစ်ဖိုရမ်ကို “ဒီမိုကရေစီနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အပါအဝင် အာဆီယံအတွင်းရေးမှူးချုပ်၊ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဂျော်ဒန်နိုင်ငံ၊ အီကွေဒေါ နိုင်ငံ၊ စပိန်နိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကာတာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဩစတြေးလျနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများလည်း ဗီဒီယိုဖြင့် မိန့်ခွန်းများအသီးသီး ပြောကြားခဲ့ကြပြီး စုစုပေါင်း နိုင်ငံ ၇၅ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ကိုးခုမှ ကိုယ်စားလှယ်အဖွဲ့ ၈၄ ဖွဲ့တို့ ပါဝင်တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်