
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း IMF Mission Chief, Mr. Shanaka Jayanath Peiris နှင့်အဖွဲ့ကို Virtual ဖြင့် တွေ့ဆုံဆွေးနွေး
=========================================================================
နေပြည်တော် ဒီဇင်ဘာ ၁၁
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းသည် IMF Mission Chief , Mr. Shanaka Jayanath Peiris နှင့်အဖွဲ့ကို ယနေ့ နံနက် ၉ နာရီခွဲတွင် Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။
ချေးငွေအမေရိကန်ဒေါ်လာ သန်း ၇၀၀
တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် လူမှု စီးပွားရေးဆိုင်ရာထိခိုက်မှုများကို ကုစားနိုင်ရေးအတွက် IMF မှ Rapid Credit Facility (RCF) နှင့် Rapid Financing Instrument (RFI) အစီအစဉ်များဖြင့် မြန်မာနိုင်ငံသို့ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၇၀၀ ပံ့ပိုးပေးခြင်း အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းချေးငွေ အမေရိကန် ဒေါ်လာ သန်း ၇၀၀ အနက် ပထမအသုတ် သန်း ၃၅၀ ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သုံးစွဲခဲ့ပြီးဖြစ်၍ ဒုတိယ အသုတ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆက်လက်သုံးစွဲနိုင်ရေးအတွက် Letter of Intent နှင့် MoU တို့ကို လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
ယင်းချေးငွေများကို ကိုဗစ်-၁၉ နှင့် ဆက်စပ်အသုံး စရိတ်များတွင် ထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ G20 နိုင်ငံများက လည်း ကြွေးမြီပေးဆပ်ရမည့်ကာလအား ၂၀၂၀ ပြည့်နှစ် မေလမှစ၍ ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းပေးခဲ့သည့်အပြင် ၂၀၂၁ ခုနှစ် ဇွန်လကုန်အထိ နောက်ထပ် (၆) လ ထပ်မံ ရွှေ့ဆိုင်းပေးမည်ဟု ကြားသိရပါကြောင်း၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုနှင့် အခွန်စနစ်ပြုပြင်ပြောင်းလဲရေးများတွင် IMF ၏ နည်းပညာကူညီပံ့ပိုးမှုများဖြင့် ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် တွေ့ကြုံရ သည့် Fiscal Risk များအတွက် စီမံခန့်ခွဲရန်နည်းလမ်း များနှင့်စပ်လျဉ်း၍ ဆက်လက်ပံ့ပိုးပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကာလအလွန်ဆောင်ရွက်မည့် Myanmar Economic Resilience and Reform Plan (MERRP) ကိုလည်း ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း ရှင်းလင်း ဆွေးနွေးသည်။
IMF Mission Chief , Mr. Shanaka Jayanath Peiris က ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံအစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုများကို အားရကျေနပ်ပါကြောင်း၊ မြန်မာနိုင်ငံအတွက် IMF မှ RCF နှင့် RFI အစီအစဉ်များဖြင့် ပံ့ပိုးပေးမည့် ဒုတိယအသုတ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ထုတ်ချေးရေးကိစ္စကို IMF Director Board အဖွဲ့မှ လာမည့်နှစ် ဇန်နဝါရီလလယ်ခန့်တွင် အတည်ပြု ဆုံးဖြတ်နိုင်ရေး တင်ပြပေးမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ၏ ကိုဗစ်-၁၉ ကာလအလွန်ဆောင်ရွက်မည့် စီမံချက်များကို လည်း ကြိုဆိုပါကြောင်း၊ IMF အနေဖြင့် ငွေကြေးပံ့ပိုးကူညီ မှုများအပြင် နည်းပညာအကူအညီများကိုလည်း ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲဖြစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် အခွန်ဆိုင်ရာပြုပြင်ပြောင်း လဲမှုများအား IMF မှ ဆက်လက်ပံ့ပိုးကူညီ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကြုံတွေ့နိုင်သည့် Fiscal Risk များနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲနိုင်မည့် နည်းလမ်းများကို နိုင်ငံတကာအတွေ့အကြုံကောင်းများဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဖြစ်နိုင်ခြေရှိသော နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို အတူ တကွ ရွေးချယ်ဆောင်ရွက်လိုပါကြောင်း ပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်