
ရန်ကုန် ဇန်နဝါရီ ၁၈
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ကရင်ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစန်းကိုနှင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်း သားရေးရာဝန်ကြီး ဦးစောမာတင် လူသာတို့နှင့်အတူ ယနေ့မွန်းလွဲပိုင်း ၌ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။
ဓလေ့ထုံးတမ်းများဖလှယ်
ယခု သွားရောက်သည့် တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် (ဒုတိယ အကြိမ်)သည် မဲခေါင်-လန်ချန်း နိုင်ငံများအကြား တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း များဖလှယ်ကြရန်၊ တိုင်းရင်းသား ရေးရာမူဝါဒနှင့် အခွင့်အရေး ဆိုင်ရာများကို လေ့လာကြရန်နှင့် မျှဝေကြရန်၊ မဲခေါင်ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများအကြား ချိတ်ဆက် ဆောင်ရွက်နိုင်သော ကွန်ရက်တစ်ခုဖြစ်ပေါ်လာစေရန်၊ မဲခေါင်ဒေသအတွင်းရှိ နိုင်ငံများ အကြား အပြန်အလှန်နားလည်မှု တိုးတက်လာစေရန် ရည်ရွယ်၍ ခရီးစဉ်ကို ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ သွားရောက်ကြမည် ဖြစ်သည်။
တိုင်းရင်းသားရေးရာ ယဉ်ကျေး မှုဖလှယ်ရေးအစီအစဉ် ပထမ အကြိမ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ လာအို ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ သည်။
သတင်းစဉ်