
နေပြည်တော် ဇန်နဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီဌာနတွင် နွေရာသီဆည်ရေရရှိမှု အခက်အခဲဖြစ်နေ၍ တစ်နှစ်ပတ်လုံး ဆည်ရေရရှိနိုင်ရေးအတွက် ရေမော်တာ ထားရှိမည့်နေရာ၊ ရေပိုက်လိုင်း သွယ်တန်း မည့်နေရာနှင့် လျှပ်စစ်သွယ်တန်းမည့် နေရာတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အလေးထားဆောင်ရွက်
ကိုဗစ်-၁၉ ကင်းစင်၍ ဘုရားဖူးများ ပြန်လည်ဖွင့်လှစ်ပါက ဘုရားဖူး ပြည်သူများ ရေလုံလောက်စွာ သုံးစွဲနိုင်ရန်နှင့် နွေရာသီဆည်ရေရရှိမှု အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ရေမော်တာတပ်ဆင်ခြင်း၊ ရေပိုက်လိုင်းများ သွယ်တန်း ခြင်းနှင့် လျှပ်စစ်မီးသွယ်တန်းခြင်းတို့ကို တာဝန်ယူဆောင်ရွက်မည့် Han Sein Thant Co.,Ltd. ၏ ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စေတီများ နှင့် တရားစခန်းတို့ကို တစ်နှစ်ပတ်လုံး ဆည်ရေရရှိမှု အခက်အခဲမရှိစေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အဖွဲ့သည် သံဝေဇနိယ လေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီများသို့ လှည့်လည်ဖူးမြော်ကြည်ညိုစဉ် မဟာဗောဓိစေတီတော်ရှိ ဘေးမဲ့ငါးလွှတ်ကန်အား ပြန်လည်တူးဖော်မည့် အခြေအနေကို ကြည့်ရှုစစ်ဆေး၍ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီဌာနဝင်းအတွင်း စိမ်းလန်းစိုပြည်စေရန် စိုက်ပျိုးထားရှိသော အပင်များကို ဂရုစိုက်ပျိုးထောင်ရေး၊ (ဟော) စေတီဝင်းအတွင်း၌ ပျက်စီးနေသော အခင်း ကျောက်ပြားများကို အမြန်ဆုံးပြန်လည်ပြုပြင်ရန်နှင့် တောမီးလောင်ကျွမ်းခြင်း မရှိစေရေး၊ မယ်တော်မာယာ ရေသန့်စင်သည့် ကန်တော်ရှိ ရေများ အမြဲမပြတ် ရေသန့်စင်စေရေး မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်