
နေပြည်တော် စက်တင်ဘာ ၉
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူ့ဆေးရုံများ၊ တိုင်းရင်းဆေးရုံများ၌ အစိုးရဌာနအသီးသီးမှ နိုင်ငံ့ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများသည် ယနေ့နံနက်ပိုင်း တွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆေးရုံများ၏ သန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ် များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များက လိုက်လံကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် တာဝန်ရှိ သူများနှင့်အတူ နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ ရောက်ရှိရာ ဆေးရုံ အုပ်ကြီး ပါမောက္ခဒေါက်တာရဲမြင့်နှင့် တာဝန်ရှိ သူများက အုပ်ချုပ်မှုဆောင်၌ ဆေးရုံကြီး သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ထားရှိမှုကို တင်ပြ ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့က လိုအပ်သည်များ ဖြည့်စွက် မှာကြားကာ ဆေးရုံကြီးအတွင်း၊ အပြင် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (ခုတင်-၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)နှင့် အထူးကုဆေးရုံ ကြီး လေးရုံတို့သို့ သွားရောက်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
အလားတူ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းနှင့်အဖွဲ့သည် နေပြည်တော်ရှိ ကလေး ရောဂါအထူးကုဆေးရုံကြီး၊ သားဖွားမီးယပ်ရောဂါ အထူးကုဆေးရုံကြီး၊ အရိုးရောဂါအထူးကုဆေးရုံကြီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း နှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီးများသို့ သွားရောက်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု များကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေး မှူးချုပ် ဦးစိန်ဝင်းက ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်း ဒေသကြီးရှိ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့ ပြည်သူ့ဆေးရုံနှင့် ပျော်ဘွယ်မြို့နယ် အတွင်းရှိ ယင်းတော်တိုက်နယ်ဆေးရုံ၊ ရန်အောင် တိုက်နယ်ဆေးရုံ၊ တောင်ညောင်ကုန်းတိုက်နယ် ဆေးရုံများ၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပျဉ်းမနားမြို့ ပြည်သူ့ ဆေးရုံကြီး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း က ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ပြည်သူ့ဆေးရုံ ကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ခင်ဇော်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာပြည်သူ့ ဆေးရုံကြီး၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ရန်ကုန်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အထွေထွေ ရောဂါကုဆေးရုံသစ်ကြီး၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ အရိုး ရောဂါအထူးကုဆေးရုံကြီးတို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုများကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။
သတင်းစဉ်