
နေပြည်တော် ဇန်နဝါရီ ၂၀
(၄၅) ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီတွင် သူနာပြုတက္ကသိုလ် ရန်ကုန်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင် ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခ ချုပ်များ၊ ပြည်သူ့ဆေးရုံကြီးများမှ ပါမောက္ခများ၊ ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင် များနှင့် စေတနာသွေးလှူရှင်ကြီးများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူနာများသည် သွေးသွင်းရန် လိုအပ်သည့်အခြေအနေဖြစ်လာပါက မည်သည့်ဆေးဝါး၊ စက်ကိရိယာများကမှ ကူညီမှုမပြု နိုင်ဘဲ သွေးသွင်းခြင်းဖြင့်သာ ကူညီနိုင်ပါသောကြောင့် လူနာများအတွက် စဉ်ဆက်မပြတ် လှူဒါန်းပေးသော သွေးလှူရှင်ကြီးများ၏အခန်းကဏ္ဍသည် လွန်စွာအရေး ကြီးသည့် ကူညီမှုဖြစ်ပါကြောင်း၊ ယင်းကဲ့သို့လှူဒါန်း မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း အမျိုးသားသွေးဌာနမှ ဆေးရုံများကို ဖြန့်ဝေပေးခဲ့သည့် ၉၃၃၈၅ ယူနစ်ရှိခဲ့ ပြီး လူနာများအနေဖြင့် ငွေကြေးကုန်ကျမှု၊ သွေး လှူရှင်ရှာဖွေရမှု စသည့်ပူပန်မှုများ လုံးဝမရှိရဘဲ လိုအပ်သည့်သွေးအမျိုးအစား၊ သွေးပစ္စည်းများကို ရရှိကုသမှုခံယူနိုင်ခဲ့ခြင်းမှာ စေတနာသွေးလှူရှင်ကြီး များ၏ပံ့ပိုးမှုကြောင့် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင် အမျိုးသားသွေးဌာန တစ်ခု၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပုသိမ်၊ နေပြည် တော်တို့ရှိ ပြည်သူ့ဆေးရုံကြီးများတွင် တွဲဖက်ထား သည့် သွေးလှူဘဏ် ခုနစ်ခု၊ ခုတင် (၂၀၀) နှင့် ခုတင် (၁၀၀) ဆံ့ ဆေးရုံများတွင်လည်း ဓာတ်ခွဲခန်းနှင့် တွဲဖက်ဆောင်ရွက်နေသော သွေးဘဏ်များကို တိုးချဲ့ ဖွဲ့စည်းထားပြီး Blood Management System (BMS) Software အား တပ်ဆင်အသုံးပြုလျက်ရှိပါ ကြောင်း၊ သွေးသွင်းကုသမှု ဆောင်ရွက်ရာတွင် လူနာ များ ဘေးကင်းလုံခြုံရေး (Blood Safety) အတွက် လည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ အစားထိုးကုသရာတွင် သွေးပစ္စည်းများဖြင့် လူနာများကို အောင်မြင်စွာ ကုသမှုပြုနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်မှာ အမျိုးသား သွေးဌာနတွင် အသစ်စတင်လှူဒါန်းခဲ့ကြသည့် သွေး လှူရှင် ၉၆၂၅ ဦး၊ စဉ်ဆက်မပြတ် လှူဒါန်းခဲ့ကြသည့် သွေးလှူရှင် ၂၉၈၆၆ ဦး ရှိပါကြောင်း၊ သွေးလှူရှင်များ စဉ်ဆက်မပြတ်သွေးလှူဒါန်းနိုင်ရန် အစစအရာရာ စီစဉ်ပေးသည့် တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လူမှုထူးချွန်တံဆိပ် ရရှိသော သွေးလှူရှင် စုစုပေါင်း ၁၆ ဦးကို ဂုဏ်ပြု မှတ်တမ်းလွှာ၊ ဂုဏ်ပြုငွေနှင့် အကြိမ် ၁၀၀ နှင့်အထက် သွေးလှူရှင်စုစုပေါင်း ၃၀ ကို ဂုဏ်ပြုတံဆိပ်နှင့်ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြသည်။ ထို့နောက် စဉ်ဆက်မပြတ် သွေးသွင်းကုသမှုခံယူပြီး ကျန်းမာ လျက်ရှိကြသော ကလေးငယ်များက တေးသီချင်းများ ဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးငယ်များအား ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်သည်။
ယခုနှစ်ကျင်းပသည့် (၄၅) ကြိမ်မြောက် သွေး လှူရှင်များဂုဏ်ပြုပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏(၂၀၂၄) ခုနှစ် ဇန်နဝါရီ ၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၄) ဖြင့် သွေးအလှူရှင် ၁၀ ဦးအား လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ကို လည်းကောင်း၊ သွေးလှူရှင် တစ်ဦး အား လူမှုထူးချွန်တံဆိပ်(ဒုတိယဆင့်)ကို လည်းကောင်း၊ သံဃာတော် တစ်ပါးအပါအဝင် သွေးလှူရှင် ငါးဦးအား လူမှုထူးချွန်တံဆိပ် (တတိယဆင့်)ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အကြိမ် ၁၀၀ နှင့်အထက် သွေး လှူရှင် ၁၄၅ ဦး၊ ၉၅ ကြိမ်မှ အကြိမ် ၄၀ နှင့်အထက် သွေးလှူရှင် ၂၄၉ တို့ စုစုပေါင်း ၃၉၄ ဦးကို ဂုဏ်ပြု ခဲ့ကြသည်။
အဆိုပါသွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနား တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သွေးလှူရှင် စုစုပေါင်း ၄၁၀ အတွက် အလှူငွေစုစုပေါင်း ၁၄၃ သိန်း လေးသောင်းကို လည်းကောင်း၊ စေတနာရှင် အလှူရှင်များက အလှူငွေစုစုပေါင်း ၁၆၄ သိန်း ငါးသောင်းကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြ သည်။ ၂၀၂၃ ခုနှစ်အတွင်း အမျိုးသားသွေးဌာနမှ ဆေးရုံ များကို သွေးယူနစ်ပေါင်း ၉၃၃၈၅ ယူနစ် ဖြန့်ဝေပေး နိုင်ခဲ့သည့်အတွက် လူနာများအနေဖြင့် ငွေကြေး ကုန်ကျမှု၊ သွေးလှူရှင် ရှာဖွေရမှုစသည့် ပူပန်မှုများ လုံးဝမရှိဘဲ လိုအပ်သည့်သွေးအမျိုးအစား၊ သွေး ပစ္စည်းများကို ရရှိကုသမှုခံယူနိုင်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်