
နေပြည်တော် စက်တင်ဘာ ၅
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီး ခဲ့သည့် ပြင်ရွာကျေးရွာမှ လပွတ်ကုလားကျေးရွာသို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ၁ မိုင် ဖောက်လုပ်ပြီးစီးမှုနှင့် အဆိုပါလမ်းပိုင်း တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုး ရေး ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း ၁ မိုင် ၀ ဒသမ ၄ ဖာလုံ ဆက်လက်ဖောက်လုပ်မည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ထို့နောက် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ယခုဖောက်လုပ်ပေးခဲ့သော လမ်းပိုင်းသည် ဒေသခံလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် လမ်းရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြား ၍ လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် သမိုင်းဝင် ကျိုက်မောင်းစေတီတော်အား ဖူးမြော်၍ သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ပုသိမ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေး ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပညာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသ ကြီး ဦးစီးမှူးရုံးနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းတို့မှ တိုင်းဦးစီးမှူး နှင့် နည်းပြများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာလုပ်ငန်း လိုအပ်ချက်များမှာကြား၍ ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ကာ သင်တန်းသူများ ချုပ်လုပ်ထားသည့် လက်ရာများ၊ စာကြည့်တိုက်၊ လက်တွေ့သင်ကြား နေမှု၊ အိပ်ဆောင်၊ စားရိပ်သာ၊ စတိုဆောင်၊ မော်တာ ဆောင်နှင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် တည်ဆောက် ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက် ပိုင်းတွင် လပွတ္တာမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းခန်းမအတွင်း ခင်းကျင်း ပြသထားသည့် သင်တန်းသားများ၏ အလုပ်အကိုင် ရရှိမှု၊ တစ်နေ့တာလှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများ၊ လက်ကိုင်ဖုန်းပြင်သင်တန်း (အပေါ်ပုံ)၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင် သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းများတွင် လက်တွေ့သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုပြီး ခေတ်မီသင်ထောက်ကူပစ္စည်းများ ဖြည့်တင်း သင်ကြားပေးသွားရန်နှင့် သင်တန်းပြီးဆုံးချိန်တွင် အလုပ်အကိုင်ရရှိရေး တစ်ဆက်တည်း ဖန်တီး ဖော်ဆောင်ပေးနိုင်ရေး မှာကြား၍ သင်တန်းသားများ လက်တွေ့ဆောင်ရွက်ထားသည့် ထုတ်ကုန်ပစ္စည်း များကိုလည်းကောင်း၊ သင်တန်းကျောင်းဝင်းအတွင်း သင်တန်းသား စားသောက်နေထိုင်မှု အခြေအနေ၊ စာကြည့်တိုက်၊ မိုးရေစုကန်အတွင်း မိုးရေသိုလှောင် ထားရှိမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်း များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် လပွတ္တာမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း သင်တန်း ကျောင်းခန်းမ၌ ကျောင်းအုပ်များက သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ သင်တန်းကျောင်း နှစ်ကျောင်းမှ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ၍ ချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း (လပွတ္တာ) ၌ သင်တန်းသူများ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ စာကြည့်တိုက်၊ သင်တန်းသူများ လက်တွေ့သင်ကြား နေမှု၊ အိပ်ဆောင်၊ စားရိပ်သာ၊ စတိုဆောင်၊ မော်တာ ဆောင်နှင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်း များကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းဆင်းပြီးချိန်၌ သင်တန်းသူများ အလုပ်အကိုင်ရရှိရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်