
နေပြည်တော် ဧပြီ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် စစ်ကိုင်း တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီး ကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ဖွံ့ဖြိုးရေး တက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေး ဘွဲ့ ငါးနှစ်သင်တန်း၊ အမှတ်စဉ်(၅) စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) သင်တန်းတက်ရောက်နေသည့် သင်တန်းသား သင်တန်းသူများ၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့်တွေ့ဆုံ ၍ ပါမောက္ခချုပ်က သင်တန်းကျောင်းဆိုင်ရာ အချက် အလက်များ၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာ အခြေ အနေများနှင့် သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ များနှင့်တွေ့ဆုံစဉ် နောက်လာမည့် ပညာသင်ကြား ရေးကာလများ၌ ပညာရပ်များကို ကြိုးစားသင်ယူရေး၊ နိုင်ငံ့သမိုင်းကြောင်းနှင့် ပထဝီဝင်အနေအထား၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေတို့ကို မှန်ကန်စွာ သိရှိနားလည်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ အောင်မြင်ရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ရေး၊ နိုင်ငံ့ဝန်ထမ်းကောင်း များပီသစွာ တာဝန်ထမ်းဆောင်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုအခြေခံ၍ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရေး၊ ကျောင်းသား ကျောင်းသူများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ၊ ကျန်းမာကြံ့ခိုင် ရေး၊ အတွေးအခေါ်၊ အသိပညာ၊ ဆင်ခြင်တုံတရားများ ပြည့်စုံ၍ မည်သည့်ကိစ္စမဆို မှန်ကန်စွာ စဉ်းစား ဆုံးဖြတ်တတ်အောင် လေ့ကျင့်ပျိုးထောင်ပေးရေး၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းပိတ် ရက်ကာလ မိဘရပ်ထံသို့ ခေတ္တပြန်လည်နေထိုင်ရာ၌ လည်း မိမိကိုယ်ကို ထိန်းသိမ်း၍ ပျော်ရွှင်စွာနေထိုင်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် အချိန်မီ ရောက်ရှိအောင် လာရောက်ကြရေး၊ ဆရာ ဆရာမ များအနေဖြင့်လည်း ကျောင်းများပိတ်ထားသည့် ကာလအတွင်း နောင်ဖွင့်လှစ်မည့်သင်တန်းများ အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားကြရန် မှာကြားသည်။
ထို့နောက် ကျောင်းဝင်းအတွင်းရှိ အားကစား ကွင်း အဆင့်မြင့်တင်ဆောင်ရွက်မည့် အခြေအနေ၊ အိပ်ဆောင်၊ စားရိပ်သာ၊ စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှု၊ အသားစားကြက်၊ ဥစားကြက်ခြံများနှင့် ငါးမွေးမြူရေးကန်များအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် အုန်းတောကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများနှင့် တွေ့ဆုံ ၍ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာ အခြေအနေများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ ဒုတိယ ကျောင်းအုပ်ကြီးနှင့် ပါမောက္ခ/ ဌာနမှူးများက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီဂရီကောလိပ်(စစ်ကိုင်း)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်းများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိသည့် အိပ်ဆောင်၊ စာသင်ဆောင်၊ စားရိပ်သာနှင့် အားကစား ကွင်း တိုးချဲ့ပြင်ဆင်ဆောင်ရွက်မှုကို လှည့်လည် ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
သတင်းစဉ်