
နေပြည်တော် ဩဂုတ် ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်အချုပ်ထောင်နှင့် ယနေ့နံနက်ပိုင်းတွင် ကျိုက်မရော ဗဟိုအကျဉ်းထောင်တို့ကို ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်း တွင် မော်လမြိုင်အချုပ်ထောင်သို့ ကြည့်ရှုစစ်ဆေး ပြီး အချုပ်ထောင်ဗဟိုကင်းစစ်ရေးပြအဖွဲ့ကို ထောင်တာဝန်ရှိသူများအနေဖြင့် နေ့စဉ်စစ်ဆေးရန် လိုအပ်ကြောင်း၊ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ စည်းကမ်း ဖောက်ဖျက်မှုမရှိစေရေး စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်ကြောင်း၊ ဗဟိုကင်းအဖွဲ့အနေဖြင့် သစ္စာရှိ၍ တာဝန်ကျေပွန်စွာ အဖွဲ့စနစ်ဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ဝတ်စားဆင်ယင် မှု စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဝတ်ဆင်ရမည် ဖြစ်ကြောင်း၊ အကျဉ်းသားများကို အချုပ်ထောင် စည်းကမ်းများနှင့်အညီ ထားရှိပြီး ရသင့်ရထိုက်သည့် ကျွေးမွေးမှုများကိုလည်း ကောင်းမွန်မှန်ကန်စွာ ကျွေးမွေးရန်နှင့် ထောင်အတွင်းပို့မည့် ရိက္ခာများကို ဘုတ်အဖွဲ့ဖြင့် စနစ်တကျ စစ်ဆေးရန် လိုအပ် ကြောင်း မှာကြားသည်။
ယင်းနောက် အချုပ်ထောင်ရှိ စားရိပ်သာဂိုဒေါင်၊ အကျဉ်းသားအိပ်ဆောင်၊ စာကြည့်တိုက်၊ စားဖို ဆောင်၊ ဆေးကုသဆောင်၊ သောက်ရေသန့်စက်ရုံ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အကျဉ်းသား များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာ ထုတ်ပြန် ချက်များနှင့်အညီ လိုက်နာမှုရှိစေရေး တင်းတင်း ကျပ်ကျပ် ဆောင်ရွက်ရေးအတွက် အကျဉ်းသား များကို ဦးစီးကြပ်မတ်ရသည့် ဝန်ထမ်းများကပါ တိကျစွာ လိုက်နာကျင့်သုံးကြရေး စားရိပ်သာတွင် ရိက္ခာများကို စနစ်တကျထားရှိရေး၊ စာရင်းနှင့် မြေပြင်ရှိ ပစ္စည်းများ ကိုက်ညီမှန်ကန်မှုရှိစေရန် ပုံမှန် စစ်ဆေးကြပ်မတ်ရေး၊ အိပ်ဆောင်များရှိ ရေသုံးစွဲမှု၊ ရေရရှိမှု၊ လောက်ငှမှုရှိစေရန် စီစဉ်ဆောင်ရွက်ပေး ရေး၊ နေ့စဉ်ထုတ် မြဝတီ၊ မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများကို အဆောင်အလိုက် ထားရှိပေးရန် နှင့် အဆောင်တိုင်းတွင် ရုပ်မြင်သံကြားစက်များ အသစ်ထပ်မံတပ်ဆင်ပေးရေး၊ စာကြည့်တိုက်မှူး ထားရှိပြီး စာအုပ်များအား စနစ်တကျ ထုတ်ပေးနိုင် ရေး၊ သုတရသစာပေများ ဖတ်ရှုနိုင်စေရေး ဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို ယခုထက် ပိုမိုတိုးတက်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ယင်းနောက် မော်လမြိုင်မြို့ရှိ ရာမညဇာနည် ခန်းမတွင် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဌာန တိုင်း စိုက်ပျိုး၊ မွေးမြူရေး တစ်ပိုင်တစ်နိုင် လုပ်ကိုင် ကြရန်နှင့် လတ်တလောကာလတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားနေသဖြင့် ကူးစက်မှုမခံရ စေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်သွား လာရေးတို့ကို မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ကျိုက်မရောမြို့ ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ ဗဟိုကင်းစစ်ရေးပြအဖွဲ့၊ အကျဉ်းသားအိပ်ဆောင်၊ ဆေးကုသဆောင်၊ စားဖိုဆောင်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ဗဟိုအကျဉ်းထောင်ဝင်းအတွင်းရှိ နေအိမ်လိုင်းခန်းများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကာ ထောင်တာဝန်ခံ အရာရှိရုံးခန်း၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်