ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ရပ်ရွာစေတနာ့ဝန်ထမ်းသင်တန်းသို့ တက်ရောက်ဆွေးနွေးပြောကြား

 

 

နေပြည်တော် ဇန်နဝါရီ ၂၆

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် ရပ်ရွာစေတနာ့ ဝန်ထမ်း (Community COVID Volunteer – CCV) များအား လေ့ကျင့်မွေးထုတ် အကောင်အထည်ဖော်ရေး အသိပညာ ပေးသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကျော်လွှား

ဆွေးနွေးပွဲတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လကစ၍ ကိုဗစ်-၁၉ ဒုတိယလှိုင်း စတင် ဖြစ်ပွားခဲ့ရာ ပြည်သူများပါဝင်မှုနှင့် ကြံ့ကြံ့ခံပြီးရင်ဆိုင် ကျော်လွှားလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရောဂါ ဖြစ်ပွားသေဆုံးမှုနှုန်း ကျဆင်းလာပြီဖြစ်သော်လည်း ဆက်လက်ဖြစ်ပွားဆဲဖြစ်ကြောင်း၊ ဒုတိယလှိုင်းကို အောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်ပြီးပါက တတိယလှိုင်း မဖြစ်ပွားစေရေး ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့် အစီအစဉ်များလည်း စတင် တော့မည်ဖြစ်၍ ပြည်သူများအတွက် အားတက်စရာ ဖြစ်ပါကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါက ရှိနေဦးမည် ဖြစ်သည့်အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများ ကြာရှည်ဆောင်ရွက်ရမည်ဖြစ်၍ အစိုးရနှင့် ပြည်သူ ပိုမိုလက်တွဲညီစွာ ဆက်လက်ဆောင်ရွက်နိုင်ရေး သည် အလွန်အရေးကြီးပါကြောင်း။

ထို့ကြောင့် ရပ်ကွက်၊ ကျေးရွာများမှ လူငယ်ကော်မတီ အဖွဲ့ဝင်များ၊ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ အပါအဝင် ပြည်သူများ၏အင်အားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် ရပ်ကွက်၊ ကျေးရွာပြည်သူများပါဝင်သော ရပ်ရွာစေတနာ့ဝန်ထမ်း (Community Covid Volunteer-CCV) များ မွေးထုတ်ပေးနိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီး ပူးပေါင်းပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအား ယခုလိုအသိပညာပေးသင်တန်းကို ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း။

ပညာပေးလုပ်ငန်းများ အရှိန်မြှင့်

လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရပ်ကွက်၊ ကျေးရွာအလိုက် စေတနာ့ဝန်ထမ်းများက ပြည်သူများ Mask မဖြစ်မနေတပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး၊ လက်ကို စနစ်တကျ ဆေးကြောရေး၊ တစ်ဦးနှင့်တစ်ဦး အသိပေးခြင်း၊သတိပေးခြင်း မိသားစု စီမံချက်အောင်မြင်ရေး စသည့် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ မိမိတို့ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ရပ်ဆွေ၊ ရပ်မျိုးများ ရောဂါ လက္ခဏာခံစားရပါက သက်ဆိုင်ရာသို့ ချိတ်ဆက်ညွှန်းပို့ ခြင်း၊ ပံ့ပိုးကူညီခြင်းများကို ထိရောက်စွာ ဆောင်ရွက်ပေး နိုင်ရန်လည်း ဖြစ်ကြောင်း၊ ရေရှည်တွင် ရပ်ကွက်၊ ကျေးရွာ အတွင်း ဘေးအန္တရာယ်တုံ့ပြန်ရေး၊ လူမှုအထောက်အပံ့ များပေးရေး၊ ကျန်းမာရေးအသိပညာပေးနှင့် ကာကွယ် ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်နိုင်ရေး စသည် တို့အတွက် အသင့်ဖြစ်စေရန်လည်း ရည်ရွယ်ပါကြောင်း။

ရပ်ရွာစေတနာ့ဝန်ထမ်းများကို အသိပညာပေး သင်တန်းဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့၊ အတွင်းရေးမှူးရုံးက စေတနာ့ ဝန်ထမ်းများအား စုဆောင်းခြင်းနှင့် အသိပညာပေး သင်တန်းများ ဆောင်ရွက်ခြင်းများကို စီစဉ်ပေးလျက် ရှိကြောင်း၊ ပထမအကြိမ်အနေဖြင့် မန္တလေးတိုင်းဒေသကြီးမှ ရပ်ရွာစေတနာ့ဝန်ထမ်း ၁၀၅ ဦးကို ဇန်နဝါရီ ၁၂ ရက်တွင် လည်းကောင်း၊ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးမှ ရပ်ရွာ စေတနာ့ဝန်ထမ်း ၉၇ ဦးကို ဇန်နဝါရီ ၁၄ ရက်တွင် လည်းကောင်း အသိပညာပေးသင်တန်းများ ဆောင်ရွက် ခဲ့ပြီးဖြစ်ပါကြောင်း။

ယနေ့ ရန်ကုန်တိုင်းဒေသကြီးမှ သင်တန်းပေးရန် ကျန်ရှိသည့် ရပ်ရွာစေတနာ့ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့က စာရင်းပေးပို့လာသော စေတနာ့ဝန်ထမ်း စုစုပေါင်း ၁၃၀ ကို အသိပညာပေးမည့် အစီအစဉ်ဖြစ်ကြောင်း၊ ယနေ့ အစီအစဉ်ကို ဆက်လက်ပါဝင် ဆွေးနွေးပေးကြမည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ပညာရှင် ဆရာ ဆရာမကြီးများ ကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း။

သင်တန်းပြီးဆုံးသည့်အခါ သင်တန်းတက်ရောက် ပြီးသူများစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဌာနများသို့ ပေးပို့ ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများက အချိတ်အဆက် မိမိဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပြည်သူများ ကို ထိရောက်စွာ ကူညီနိုင်ရန်ဖြစ်ပါကြောင်း၊ သို့မှသာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက် လျက်ရှိသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို အကောင်းဆုံး ပူးပေါင်းပံ့ပိုး နိုင်မှာ ဖြစ်ပါကြောင်း၊ ပြည်သူလူထုအခြေပြု ရပ်ရွာစေတနာ့ ဝန်ထမ်းများကို ရပ်ကွက်၊ ကျေးရွာများအတွင်း အသင့် စုစည်းထားနိုင်ခြင်းသည် ပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်းနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

အပြန်အလှန်ဆွေးနွေး

ဆက်လက်၍ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဒုတိယ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမြသီတာက အသိပညာပေး သင်တန်းအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ ပညာရှင် ဆရာ ဆရာမ များက ရပ်ရွာစေတနာ့ဝန်ထမ်းများအား ပြောဆိုဆက်သွယ် ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှု၊ စေတနာ့ဝန်ထမ်းတာဝန် နှင့် လုပ်ငန်းလမ်းညွှန်၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ ကိုယ်တိုင် ဆုံးဖြတ်နိုင်ရေးနှင့် နှစ်သိမ့်ဆွေးနွေး ကူညီပေးရေး၊ ကိုဗစ် နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့စို့ကလေးများ၊ ကိုဗစ်နှင့် သက်ကြီးရွယ်အိုများ၊ ကိုဗစ်နှင့် နာတာရှည်ရောဂါဝေဒနာရှင် များ၊ ကိုဗစ် နှင့် ကလေးသူငယ်များ၊ ရောဂါကာကွယ်ခြင်း နည်းလမ်းများ၊ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက် သည့် အကြောင်းအရာများ စသည့်ခေါင်းစဉ်များအလိုက် ရှင်းလင်းပို့ချခဲ့ကြပြီး စေတနာ့ဝန်ထမ်းများနှင့် အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်