ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အထူးစီမံချက်တွင် ချိတ်ဆက် ပူးပေါင်း ကူညီဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အထူးစီမံချက်တွင် ချိတ်ဆက် ပူးပေါင်း ကူညီဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး

=======================================================================================================================

 

 

နေပြည်တော် ဒီဇင်ဘာ ၁၄

 

ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်တွင် ချိတ်ဆက်ပူးပေါင်း ကူညီဆောင်ရွက် နိုင်ရေး ကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခု လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ် ချက်အရ နည်းဗျူဟာများ ပြောင်းလဲဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ထိန်းချုပ်ရေးအဖြစ် ပြည်သူလူထုကြားတွင် ပိုမိုထိရောက်သည့်နည်းလမ်းများဖော်ဆောင်ရန်ဖြစ်ကြောင်း၊ အောက်ခြေတွင် လက်တွေ့ ဆောင်ရွက်နေကြသူများက အခက်အခဲစိန်ခေါ်မှုများကို ပိုမိုသိရှိပြီး လိုအပ်သော လက်တွေ့ကျကျ ချိတ်ဆက် ဆောင်ရွက်မှုများအတွက် အကြံပြုကြရန်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၏ ဆောင်ရွက်ချက်များကို ပူးပေါင်း ဆောင်ရွက် ပံ့ပိုးကူညီရန်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနတို့က ချမှတ်ထားသော မဟာဗျူဟာနှင့်အညီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ လူမှုအဖွဲ့ အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်း များနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း။

 

နည်းဗျူဟာများ ပြောင်းလဲဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူ လူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထူးစီမံ ချက်ဖြင့် ဆောင်ရွက်နိုင်ရန် ရောဂါအဖြစ်များသည့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တွင် စေတနာ့ဝန်ထမ်း နည်းပြသင်တန်းရရှိပြီးသူများ ၊ စေတနာ့ဝန်ထမ်း ဆင့်ပွား သင်တန်းရရှိပြီးသူများ၊ အရေးပေါ်ယာဉ်မောင်းများ ပညာပေးသင်တန်း ရရှိပြီးသူများရှိပါကြောင်း၊ အဆိုပါ အင်အားများကို ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ စေတနာ့ ဝန်ထမ်းများအဖြစ် စနစ်တကျပါဝင်နိုင်အောင် ချိတ်ဆက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် စနစ်တကျ ချိတ်ဆက်နိုင်မည့် နည်းလမ်းများနှင့် အကောင် အထည်ဖော်မည့်နည်းလမ်းများကို ဖော်ထုတ်ဆွေးနွေး ကြရန် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ပညာပေးနှင့် ပတ်သက်၍ ပြောင်းလဲကျင့်သုံးလာသည့် နည်းဗျူဟာများကို ရှင်းရှင်းလင်းလင်း နားလည်သဘော ပေါက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ပြည်သူလူထုခံစားရမှု များကို သက်သာစေရန်နှင့် လိုအပ်ချက်အရ ချိတ်ဆက်ဆောင်ရွက်ရမည့်နည်းလမ်းများကို ပြည်သူလူထုအခြေပြု ကိုဗစ်ကပ်ရောဂါဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ် အဖြစ် မြန်မာနိုင်ငံဆရာဝန်အသင်းက ဦးဆောင်၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုပြောင်းလဲဆောင်ရွက် လျက်ရှိသော ပြည်သူလူထု အခြေပြု ကိုဗစ်-၁၉ ထိန်းချုပ် ရေး လုပ်ငန်းစဉ်အောင်မြင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေး ကြရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ် လူမှုရေးဝန်ကြီးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသ ကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကြံဉာဏ် များကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၏ ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ထိန်းချုပ်ရေး အထူးစီမံချက်ကို ပြည်သူလူထုအခြေပြု ကိုဗစ်ကပ်ရောဂါဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်နှင့် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်းများ၏ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်မှုများဖြင့် အောင်မြင် အောင် အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် လတ်တလောတွင် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေသော်လည်း ရေရှည်တွင် ရပ်ကွက်/ကျေးရွာ များအထိ လူငယ်ရေးရာမူဝါဒနှင့် မဟာဗျူဟာများ အကောင်အထည်ဖော်ခြင်းများတွင် ပါဝင်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ထို့ပြင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင်လည်း စွမ်းရည် မြှင့်တင်မှုများ၊ ပံ့ပိုးကူညီမှုများဖြင့် ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားသည်။

 

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်း ဒေသကြီးတို့မှ လူမှုရေးဝန်ကြီးများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူငယ်ရေးရာ ကော်မတီဝင်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မြန်မာ နိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

 

သတင်းစဉ်