
နေပြည်တော် ဇန်နဝါရီ ၃၀
World Pulses Day 2021 အခမ်းအနားနှင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ပထမ အကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတို့ကို ယနေ့ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် Video Message ပေးပို့၍ အမှာစကားပြောကြားသည်။
World Pulses Day 2021 အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ထွက်ကုန် ပဲမျိုးစုံများ၏ ပြည်ပတင်ပို့မှုအခြေအနေများ၊ ရှေ့အလားအလာများ နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပဲမျိုးစုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ပတင်ပို့မှု
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည် နှင့်အညီ နိုင်ငံ၏စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် လယ်ယာကဏ္ဍသည် အရေးပါသည့်အခန်း ကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ ပဲမျိုးစုံတင်ပို့မှုတွင် ပင်လယ်ရေကြောင်းတင်ပို့မှုမှ ၆၅ ရာခိုင်နှုန်းနှင့် နယ်စပ်မှ တင်ပို့မှုမှ ၃၅ ရာခိုင်နှုန်း အသီးသီးရှိပါကြောင်း။
မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ရာတွင် ၂၀၁၉ ခုနှစ် စာရင်း များအရ နိုင်ငံပေါင်း ၆၀ ခန့်ကို တင်ပို့လျက်ရှိပြီး အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး၊ မလေးရှား၊ ဂျပန်နိုင်ငံများသို့ အများဆုံးတင်ပို့လျက်ရှိပါကြောင်း။
ထူးခြားချက်အနေဖြင့် ကိုဗစ်ကူးစက်ရောဂါကြောင့် အခြားသောပို့ကုန်များ၌ လျော့နည်းကျဆင်းမှုများ တွေ့ရှိ ရသော်လည်း ပဲမျိုးစုံအပါအဝင် လယ်ယာစိုက်ပျိုးသီးနှံ ပို့ကုန်များမှာ ကျဆင်းမှုမရှိဘဲ ပိုမိုတင်ပို့နိုင်သည်ကို တွေ့ရှိ ရပါကြောင်း၊ ပဲမျိုးစုံပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES)တွင် ပဲမျိုးစုံကဏ္ဍကို ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်တွင်း၌ အရည်အသွေးမြင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ သယ်ယူပို့ဆောင်မှု၊ ကြိတ်ခွဲသိုလှောင်မှုစရိတ်လျှော့ချရေး၊ ပြည်ပသို့ ပဲမျိုးစုံ တိုးချဲ့တင်ပို့နိုင်ရေး၊ ပြည်တွင်းပဲစားသုံးမှု တိုးမြှင့်ရေး၊ ပဲများကိုကုန်ကြမ်းမှ တစ်ဆင့်မြင့် Value-added ကုန်ချော များအဖြစ် တိုးမြှင့်ထုတ်လုပ်ဖြန့်ချိ တင်ပို့နိုင်ရေးတို့ကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပဲမျိုးစုံကဏ္ဍမှာ ဝယ်ယူရောင်းချကြိတ်ခွဲမှုများကို လုပ်ကိုင်ဆောင်ရွက်နေ သူများ၏ အကျိုးစီးပွားကိုသာမက စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၏ အကျိုးကိုလည်း ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။
တက်ရောက်
အဆိုပါအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းဥက္ကဋ္ဌ၊ ပဲစိုက်တောင်သူကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် ပြည်ပ နိုင်ငံများမှ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဒီဂျစ်တယ်စီးပွားရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်း ပထမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး EIF Tier-2 အဆင့် စီမံကိန်းဖြစ်သည့် မြန်မာ့ဝန်ဆောင်မှုကုန်သွယ်ရေး ကဏ္ဍမြှင့်တင်ခြင်းစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် Digital Economy Innovation Advocacy Project ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုလို ပူးပေါင်းဆောင်ရွက်နိုင်မှုအတွက် ဝမ်းမြောက်စွာ ကြိုဆို ပါကြောင်း။
ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်
ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာ သည့်အတွက် e-Commerce၊ Online Learning၊ Telemedicine၊ အွန်လိုင်းအလုပ်အကိုင် ရှာဖွေရေး၊ အွန်လိုင်းဖျော်ဖြေရေး၊ Sharing Economy စသည့် လူမှု စီးပွားကဏ္ဍအသီးသီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် CERP တွင် ပါဝင်သည့် e-Commerce နှင့် သက်ဆိုင်သောလုပ်ငန်းစဉ်များအရ COVID-19 ကပ်ရောဂါ ကာလအတွင်း Offline မှ Online သို့ ကူးပြောင်းမည့် စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူပြု Good Practice Guide များ ထုတ်ဝေခြင်း၊ SME လုပ်ငန်းများအား ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှတစ်ဆင့် ကမ္ဘာ့ဈေးကွက် ထိုးဖောက်နိုင်ရန် နည်းပညာအကူအညီများ ပံ့ပိုးပေးခြင်း၊ ကပ်ရောဂါအလွန် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အကြံဉာဏ်များကို ဖော်ထုတ်နိုင်မည့် Application များကို တီထွင်နိုင်ရေး၊ e-Commerce Guidelines ရေးဆွဲခြင်းနှင့် e-Commerce လုပ်ငန်းများကို မှတ်ပုံတင်ပေးနိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
မူကြမ်းရေးဆွဲနိုင်ရန် ပြင်ဆင်
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်းအနေဖြင့် IT နည်းပညာ၊ e-Commerce လုပ်ငန်းများတွင် လူငယ်များ၊ MSMEs အကြား ပိုမိုအသုံးပြု လာစေရန် ကူညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ e-Commerce Law ကို မူကြမ်းရေးဆွဲနိုင်ရန် ပြင်ဆင်လျက် ရှိပါကြောင်း၊ ပိုမိုကောင်းမွန်သည့် ပြည်သူ့ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် Tradenet 2.0 စနစ်ကိုလည်း အဆင့် အလိုက် အောင်မြင်စွာ အကောင်အထည်ဖော်လျက်ရှိပါ ကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်