
နေပြည်တော် ဇန်နဝါရီ ၂၆
မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အပြီးသတ်အစီရင်ခံသည့် အစည်းအဝေး အား Virtual ပုံစံဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဝန်ကြီးဌာနအတွင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အချိန်တစ်နှစ် ခွဲခန့်ယူ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ လုပ်ငန်းစဉ်နှင့်အတူ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်း ရေးမှူးရုံးအဖွဲ့ အစီရင်ခံစာနှင့် နိုင်ငံတော်အစိုးရ၏ အစီရင် ခံစာဟူ၍ အစီရင်ခံစာနှစ်စောင်ကို ရေးသားပြုစုထားပြီးဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အပြီးသတ် အစည်းအဝေးကို ပုံမှန်အားဖြင့် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့သို့ သွားရောက် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် သွားရောက်နိုင်ခြင်းမရှိသဖြင့် Virtual Meeting အဖြစ် ကျင်းပရမည်ဖြစ်ပါကြောင်း။
ကြိုတင်ပြင်ဆင်ဆောင်ရွက်
နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အချက်အလက်များ အပြင် အဓိကအားဖြင့် ကုန်သွယ်မှုနှင့် ဆက်စပ်သောမူဝါဒ များကို ဆန်းစစ်လေ့လာခြင်းဖြစ်ရာ အလွန်အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ အပြီးသတ် အစည်း အဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာန အောက်ရှိဌာနများနှင့် တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အစည်း အဝေးပြီးဆုံးပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အစီရင်ခံစာနှင့် ထွက်ပေါ်လာသောရလဒ်များကို အစိုးရ ဌာန၊ အဖွဲ့အစည်းများအပြင် အများပြည်သူ ကျယ်ကျယ် ပြန့်ပြန် သိရှိနိုင်စေရေးအတွက် သတင်းမီဒီယာများနှင့် ချိတ်ဆက်၍ သတင်းထုတ်ပြန်ခြင်း၊ ဆောင်းပါးများ ရေးသားခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ရလဒ်ကောင်းများ ဆက်လက်ရရှိနိုင်ရေး အတွက် လိုအပ်သည်များကို လုပ်ငန်းစီမံချက်နှင့်အညီ အသေးစိတ် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထူးက ယခုကျင်းပ မည့် အစည်းအဝေးသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက် တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ Universal Periodic Review – UPR တတိယအကျော့ အစီရင်ခံစာသုံးသပ်သည့် အစည်းအဝေးနှင့် သဘောတရားတူညီပါကြောင်း၊ မြန်မာနိုင်ငံကိုယ်စားပြုဆောင်ရွက်ရမည့် အစည်းအဝေးဖြစ်၍ အလေးအနက်ထား ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ အစည်းအဝေးကာလအတွင်း အင်တာနက်များ ကောင်းမွန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ နေပြည်တော် နှင့် ရန်ကုန်တို့မှ Online ဖြင့် တက်ရောက်မည့် ကိုယ်စား လှယ်များအကြား အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးနှင့် ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် လည်း အနီးကပ်ချိတ်ဆက် ဆောင်ရွက်သွားနိုင်ရန် အချက် များနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်သည့် ကိစ္စရပ်များဖြစ်သည့် အစီရင်ခံစာများ ဖြန့်ဝေထားရှိမှု အခြေအနေ၊ အဖွဲ့ဝင်များထံမှ မေးခွန်းများ လက်ခံရရှိမှု အခြေအနေ၊ WTO အတွင်းရေးမှူးရုံးနှင့် ချိတ်ဆက်လျက်ရှိသည့် အခြေအနေ၊ အခမ်းအနားပြင်ဆင် ရေးနှင့် ပြန်ကြားရေး၊ အင်တာနက်နှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား သည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ် ခြင်းလုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Interprefy Platform အသုံးပြု၍ ကျင်းပမည်ဖြစ်ပြီး အဆိုပါ Virtual Meeting သို့ နေပြည်တော်အခြေပြု ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ Kempinski ဟိုတယ်တွင် တစ်စုတစ်စည်း တည်းဖြင့် လည်းကောင်း၊ ရန်ကုန်ရှိ ကိုယ်စားလှယ်များက Account Access များဖြင့်လည်းကောင်း ပါဝင်တက်ရောက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အစည်းအဝေးသို့ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်သွားမည်ဖြစ်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အောက်ရှိ Trade Policy Review Body – TPRB ၏ ဥက္ကဋ္ဌ အိုက်စလန်နိုင်ငံ သံအမတ်ကြီး Mr. Harald ASPELUND က ယင်းအစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒုတိယ အကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အပြီးသတ်အစီရင်ခံသည့် အစည်းအဝေး အတွက် အဓိကဆွေးနွေးသုံးသပ်တင်ပြသူ (Discussant) အဖြစ် ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Kirsti KAUPPI က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လိုက်ပါပြောင်းလဲပြုလုပ်
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများသည် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို မဖြစ်မနေ လိုက်ပါ ဆောင်ရွက်ရမည်ဖြစ်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံး အဖွဲ့ဝင်နိုင်ငံ များက ခုနစ်နှစ်လျှင်တစ်ကြိမ် ဆောင်ရွက်ရသည်။ မြန်မာ နိုင်ငံ၏ ပထမအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး၊ ဒုတိယအကြိမ် ကို မူလက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ရုံးချုပ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက်ပြုလုပ် ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် Virtual Meeting အဖြစ် အခြားသော အဖွဲ့ဝင် နိုင်ငံများနည်းတူ လိုက်ပါပြောင်းလဲပြုလုပ်ခြင်းဖြစ်သည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်