
နေပြည်တော် ဒီဇင်ဘာ ၃၀
၂၀၂၀ ပြည့်နှစ် လုပ်ငန်းများအပေါ် သုံးသပ်ခြင်းနှင့် ၂၀၂၁ ခုနှစ်အတွက် လုပ်ငန်း များစီမံခြင်း အခမ်းအနားကို ယနေ့ ညနေ ၄ နာရီက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် က ၂၀၂၀ ပြည့်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု များ၏ အားနည်းချက်၊ အားသာချက် များအပေါ် ပြန်လည်သုံးသပ်ရင်း ၂၀၂၁ ခုနှစ် နှစ်သစ်ကို ကြိုဆိုကာ မိမိတို့၏ လုပ်ငန်းစဉ်များကို တက်ကြွ စွာ ဆက်လက်ဆောင်ရွက်သွားကြ ရမည် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ ကိုဗစ်-၁၉ ကြောင့် တစ်ကမ္ဘာလုံးတွင် ကျန်းမာရေး၊ စီးပွားရေးနှင့် အလုပ်အကိုင်များ ထိခိုက် နစ်နာမှုများရှိပါကြောင်း၊ မိမိတို့နိုင်ငံ သည်လည်း ကိုဗစ်-၁၉ ကြောင့် စီးပွား ရေး ထိခိုက်မှုများရှိသည့်အတွက် ကုစားနိုင်ရေးနှင့် ပြန်လည်ထူထောင် နိုင်ရေးတို့အတွက် ရှေ့ဆက်ဆောင် ရွက်သွားမည့် နည်းလမ်းများကို သုံးသပ်ရန် လိုအပ်ပါကြောင်း။
ကိုဗစ်-၁၉ ကြောင့် စိန်ခေါ်မှု များစွာ ကြုံတွေ့နေရသော်လည်း ဒစ်ဂျစ်တယ်နည်းပညာ တိုးတက်မှု ဆိုင်ရာ အခွင့်အလမ်းများကို ထိထိ ရောက်ရောက် အသုံးချသည့် ဥပမာ တစ်ခုအနေဖြင့် မိမိတို့ဝန်ကြီးဌာနတွင် Trade Net 2.0 အွန်လိုင်း ပလက် ဖောင်းကို တည်ထောင်ထားရှိပြီး ပို့ကုန်/ သွင်းကုန် လိုင်စင်များကို အွန်လိုင်းမှ လျှောက်ထားရယူနိုင် အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အတွက် ဂုဏ်ယူပါကြောင်း၊ ကုန်သွယ် မှုကဏ္ဍတွင် ပြည်ပပို့ကုန် တိုးတက် ရန် လိုအပ်သကဲ့သို့ ပြည်တွင်းကုန်သွယ် မှု မြန်ဆန်သွက်လက် ချောမွေ့နေရန် လိုအပ်ပါကြောင်း၊ တရားမဝင်ကုန်သွယ် မှုများကို တရားဝင်ဖြစ်ရန် ဆောင် ရွက်နိုင်ပါက ပို့ကုန်/သွင်းကုန်သည် ရာခိုင်နှုန်းများစွာ တိုးတက်လာမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပုဂ္ဂလိက ကဏ္ဍအား လွတ်လပ်စွာ လုပ်ပိုင်ခွင့် များ ဖန်တီးပေးခဲ့ပြီးဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ် တကျဖြစ်စေရန်အတွက် ထိန်းကျောင်း ပေးသွားရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ခိုင်မာအားကောင်း စေရန် အစိုးရ-ပုဂ္ဂလိက ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ဝန်ထမ်းများအနေဖြင့် အစိုးရ၏ မူဝါဒကို အလေးထားပြီး ဝန်ထမ်း တစ်ဦးချင်း၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန် ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ သို့မှသာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနက တစ်ဖက်တစ်လမ်းမှ ပါဝင်အကျိုးပြု ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပါကြောင်း။
မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဌာန၏ မူလတာဝန်များအပြင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက် ရေး၊ Ease of Doing Business ဆိုင်ရာ လုပ်ငန်းစဉ်များ၊ တရုတ်- မြန်မာ နယ်စပ် စီးပွားရေးဇုန် တည်ထောင် အကောင်အထည်ဖော်ရေး စသည့် ကိစ္စရပ်များကိုလည်း တာဝန်ယူဆောင် ရွက်လျက်ရှိရာ ဝန်ကြီးဌာနမှ ဝန်ထမ်း များ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် တိုးတက်မြင့်မားရန် အရေးကြီးပါ ကြောင်း၊ အမှုထမ်း၊ အရာထမ်း လူငယ် များကို သက်ဆိုင်ရာ ပညာရပ်များ လေ့လာဆည်းပူးခွင့်၊ ပါဝင်ဆောင်ရွက် ခွင့်ပေးရန်နှင့် အထက်အောက် အဆင့် ဆင့် အပြန်အလှန်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် သွားကြစေလိုကြောင်း၊ လူငယ်များ၏ လေ့လာမှု၊ အတွေ့ အကြုံနှင့် ဆန်းသစ်သော အတွေး အမြင်များကို နားထောင်ပေးရန် လိုအပ် သကဲ့သို့ လူကြီးများ၏ လမ်းညွှန်မှုကို လည်း လိုက်နာဆောင်ရွက်ရန် လိုအပ် ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် များစွာဆောင်ရွက်ပေးနိုင်ခဲ့ ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍနှင့် ထိတွေ့ မှုအများဆုံးဝန်ကြီးဌာနဖြစ်ပြီး ၎င်းတို့ ကြုံတွေ့ရသည့် အခက်အခဲများ ဖြေရှင်းရာတွင် ထိရောက်သော ပံ့ပိုးမှု များ ပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူ ရပါကြောင်း၊ “စီးပွားကူးသန်း ရှေ့သို့ လှမ်း” ဟူသော မိမိတို့ဝန်ကြီးဌာန၏ ဆောင်ပုဒ်ကို ဆက်လက်ထိန်းသိမ်း ထားနိုင်ရန်နှင့် “စီးပွားကူးသန်း ရှေ့သို့လှမ်း၊ ကြိုးပမ်းဆောင်ရွက် ပြည်သူ့အတွက်” ဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်း ဝန်နှင့် ဦးစီးဌာနများမှ တာဝန်ရှိသူ များက ၂၀၂၀ ပြည့်နှစ်အတွင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တင်ပြချက်များအပေါ် သုံးသပ် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်