
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် (၁၉)ကြိမ်မြောက် မြန်မာ-တရုတ်
နယ်စပ်ကုန်သွယ်ရေး(အွန်လိုင်း) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
==========================================================================================================
နေပြည်တော် ဒီဇင်ဘာ ၁၄
(၁၉)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး (အွန်လိုင်း)ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကား ပြောကြား သည်။
ဖြေလျှော့မှုများ ဆောင်ရွက်ရန်လိုအပ်
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနား သည် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေသည့်အပြင် နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်ရေးအတွက်အရေးပါသည့် အခမ်းအနား ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေး အတွက် အရည်အသွေးသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်း များ၊ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများကို အပြန်အလှန် အသိပေးခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းများဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ နယ်စပ်ဒေသတွင် တရားမဝင် ကုန်သွယ်မှုများပပျောက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကုန်စည်စီးဆင်းမှု ပိုမို လွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် နှစ်နိုင်ငံ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်ကို ဆောလျင်စွာ အတူတကွ အကောင်အထည်ဖော်ရန် ကိုလည်း တိုက်တွန်းလိုပါကြောင်း၊ COVID–19 ကပ်ရောဂါ ကာလတွင် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ရမည်ဖြစ်သော်လည်း ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန်နှင့် အတား အဆီးမဖြစ်စေရန် သင့်တော်သည့် ဖြေလျှော့မှုများကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးကိုယ်စား ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ လျှိုဟုန်ကျန်းက မိန့်ခွန်းပြောကြားရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံသည် ပထဝီအနေအထားအရ ပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီး ကာ ယဉ်ကျေးမှုချင်းလည်း ဆက်နွှယ်နေပါကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေး၊ ငွေရေးကြေးရေးချိတ်ဆက်ရေးနှင့် ပြည်သူချင်းအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေးတည်ထောင်ရန် သဘော တူညီခဲ့ပါကြောင်း၊ COVID–19 ကပ်ရောဂါကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို သက်ရောက်မှုများရှိခဲ့ပါ ကြောင်း၊ နယ်စပ်ကုန်စည်ပြပွဲသည် နှစ်နိုင်ငံနယ်စပ် နေပြည်သူများ၏ လူမှုဘဝမြှင့်တင်နိုင်ရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အရေးပါသည့်အခန်း ကဏ္ဍမှ ပါဝင်နေပါကြောင်း၊ တရုတ်-မြန်မာ နယ်စပ်စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး၊ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံပူးပေါင်းဆောင်ရွက်မှု၊ အသားစား နွားတင်ပို့ရေးလုပ်ငန်းများကို ဆက်လက်ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် (၁၉)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး (အွန်လိုင်း)ကုန်စည်ပြပွဲ ဖွင့်လှစ်ကြောင်း အခမ်းအနားမှူးက ကြေညာပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ ယဉ်ကျေးမှုအကအဖွဲ့များက အကပဒေသာများဖြင့် ဖျော်ဖြေကြသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်စည်ပြပွဲကို မြန်မာနိုင်ငံ နှင့် တရုတ်အစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နယ်စပ်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်များအရ မြန်မာနိုင်ငံ(မူဆယ်)မြို့နှင့် တရုတ် နိုင်ငံ(ရွှေလီ)မြို့တို့တွင် အလှည့်ကျကျင်းပခဲ့ရာ ယခုနှစ် (၁၉)ကြိမ်မြောက် ကုန်စည်ပြပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် မူဆယ်မြို့တွင် လက်ခံကျင်းပရမည်ဖြစ်သော် လည်း COVID–19 ကပ်ရောဂါကြောင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က Online Trade Fair အဖြစ် စီစဉ် ကျင်းပခြင်းဖြစ်သည်။
ပြခန်းပေါင်း ၉၀ ခန့် ပါဝင်ပြသ
(အွန်လိုင်း) ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း ၉၀ ခန့် ပါဝင်ပြသကြပြီး မြန်မာနိုင်ငံမှ စားသောက်ကုန်များ၊ လယ်ယာထွက်ကုန်များ၊ သစ်သီးဝလံများ၊ ရေထွက်ကုန် များ၊ ကျောက်မျက်ရတနာများ၊ အထည်အလိပ်များ၊ တိုင်းရင်းဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများကို လည်းကောင်း၊ တရုတ်နိုင်ငံမှ စားသောက်ကုန်များ၊ ဓာတ်မြေဩဇာများ၊ လယ်ယာသုံးနှင့် လုပ်ငန်းသုံး စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ကျန်းမာရေး အသုံးအဆောင်များကို ပါဝင်ပြသကြမည်ဖြစ်သည်။
ကုန်စည်ပြပွဲကာလအတွင်း B2B Business Matching များ ပြုလုပ်ခြင်းနှင့် ဒီဇင်ဘာ ၁၆ ရက်တွင် Trade Financing and Border Trade Payment System Between Myanmar & China ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ကြမည်ဖြစ်သည်။
အဆိုပါကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်လိုသော မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင် များအနေဖြင့် www.myanmarexpopark.com တွင် Registration ပြုလုပ်၍ အခမဲ့ ဝင်ရောက်လေ့လာနိုင်မည် ဖြစ်သည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး(အွန်လိုင်း)ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ စီးပွားရေးသံမှူးများနှင့် မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေးကုန်သည်များအသင်းမှ တာဝန်ရှိသူများ က အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်