
နေပြည်တော် မေ ၁၄
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် မေ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပ သည့် (၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေး ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ တက်ရောက်နေစဉ်အတွင်း ယနေ့ နံနက် ဒေသစံတော်ချိန် ၁၁ နာရီခန့်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး ဌာန ဝန်ကြီး H.E. Anutin Charnvirakul ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့် CORAD HOTEL Bali၊ Lagoon Room(1) ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း အောက်ဆီဂျင် အခက်အခဲဖြစ်နေချိန်၌ နယ်စပ်ဒေသ များမှတစ်ဆင့် Liquid Oxygen နှင့် Oxygen Tanks များ ရရှိရေး ကူညီဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မကြာသေးမီကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca တစ်သန်း Doses မြန်မာနိုင်ငံသို့ လှူဒါန်းခဲ့မှုနှင့် RT PCR ဓာတ်ခွဲပစ္စည်းများ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာ ဌာနသို့ လှူဒါန်းပေးမှုအတွက်လည်း ကျေးဇူး တင်ပါကြောင်း ပြောကြား၍ ကိုဗစ်-၁၉ ကပ်ရောဂါ အလွန် နှစ်နိုင်ငံ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သတင်းအချက်အလက်များ ဖလှယ်ရေးကိစ္စ၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကိစ္စ၊ မြန်မာနိုင်ငံ၌ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ ငွေကြေး ကုန်ကျမှု သက်သာစေရေးအတွက် ထိုင်းနိုင်ငံ၏ အတွေ့အကြုံများကို လေ့လာနိုင်ရေးကိစ္စ၊ ထိုင်း နိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိစ္စ၊ ထိုင်း နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထပ်မံလှူဒါန်းလိုသည့် ကိစ္စရပ်များကို ရင်းနှီး ခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ ကျန်းမာ ရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
သတင်းစဉ်