
နေပြည်တော် သြဂုတ် ၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီ ဇဗ္ဗူသီရိမြို့နယ် အတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် ဆောင်ရွက်လျက်ရှိသည့် ခြင်ကျား နှင့် ပိုးလောက်လမ်းနှိမ်နင်းရေး ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းအိမ်ရာများရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များကိုယ်တိုင်ပါဝင်၍ ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် ကျန်းမာရေးအသိပညာပေးခြင်းများ ထိရောက်စွာ ဆောင်ရွက် နိုင်ရေးတို့ကို မှာကြားသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၏ ဝန်ထမ်း အိမ်ရာ ၂၁၇၅ လုံးတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါကြောင့် နာမကျန်းဖြစ်ပွားမှုနှင့် သေဆုံးမှုမရှိ စေရေးနှင့် ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်၍ ဆောင်ရွက်နိုင်ရေး ရည်ရွယ် ချက်များဖြင့် ဩဂုတ် ၆ ရက်နှင့် ၇ ရက်တို့တွင် အဘိတ်ဆေးခတ် အဖွဲ့ ၅၀ ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အင်းဆက်ပိုးမွှားများ နှိမ်နင်းရေးအတွက် ခြင်ဆေးမှုတ်အဖွဲ့ ၁၀ ဖွဲ့တို့ဖြင့် ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ရေသိုလှောင်ရာနေရာများကို ခြင်လောက်လမ်းသေဆေး(အဘိတ်)ခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဗီနိုင်းများအား လိုက်လံကပ်ပေး၍ ဝန်ထမ်းများနှင့် မိသားစုဝင်များကိုယ်တိုင် ဆက်လက်၍ ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် သက်ဆိုင်ရာ ဝန်ထမ်းအိမ်ရာနေထိုင်သူများ ပူးပေါင်း၍ ခြင်ခိုအောင်း နိုင်သည့် ပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ရေတင် ကျန်ရှိသည့် တာယာဟောင်းများကို စနစ်တကျစွန့်ပစ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှုပ်၊ ရှင်း၊ မှုတ် စသည့် ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက် ခြင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ တပ်မတော်ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ပတ်ဝန်းကျင်သန့်ရှင်း ရေးနှင့် အင်းဆက်ပိုးမွှားများနှိမ်နင်းရေးအတွက် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါမျိုးသယ်ဆောင် သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့(ဗဟိုရပကန)မှလည်း ဝန်ထမ်းအိမ်ရာများ တွင် ခြင်ကျားနှင့် ပိုးလောက်လမ်းပေါက်ပွားမှု ဆန်းစစ်နိုင်ရေးအတွက် အိမ်ရာများအလိုက် ပိုးလောက်လမ်းတွေ့ရှိမှု၊ အိမ်ခန်းများအလိုက် ပိုးလောက်လမ်းတွေ့ရှိမှုနှင့် အိမ်ရာများရှိ အိုး/ခွက်များ၊ ကားတာယာ ဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများတွင် ပိုးလောက်လမ်းတွေ့ရှိမှုကို စစ်တမ်းကောက်ယူလျက်ရှိပြီး ပိုးလောက်လမ်းတွေ့ရှိမှု များပြားသည့် အိမ်ရာများတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူ လူထုပူးပေါင်းပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိသည်။
ယခု ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး ဆောင်ရွက်မှုစီမံချက် တွင် ပါဝင်ခြင်းမရှိသေးသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ အခြားနေရာများတွင်လည်း အထက်ဖော်ပြပါ ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်