
နေပြည်တော် ဩဂုတ် ၁၈
ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ Video Conferencing စနစ်ဖြင့် ကျင်းပကာ ဩဂုတ် ၁၆ ရက်က ကျင်းပခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဋ္ဌမအကြိမ် အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် မှာကြားဆွေးနွေးချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေး သည်။
စနစ်တကျဆောင်ရွက်ရန်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်အတွက် ဖြစ်ပွားမှုလျော့နည်း လာသည်ကို တွေ့ရှိရပါကြောင်း၊ ရုံးပိတ်ရက်ရှည် ကာလများအတွင်း ရောဂါကူးစက်မှုနှုန်း ကျဆင်းလာ သော်လည်း ဆက်လက်မြင့်မားဆဲ တိုင်းဒေသကြီး၊ ပြည်နယ်များလည်း ကျန်ရှိနေသဖြင့် ပညာပေး လုပ်ငန်းများအပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်၍ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါ ကြောင်း၊ ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ရာတွင် နည်းစနစ်တကျ ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်သူများအနေဖြင့် ဆေးကို သတ်မှတ်အပူချိန်တွင် ထိန်းသိမ်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြစ်ပေါ်တတ်သည့် ဘေးထွက် ဆိုးကျိုးအန္တရာယ်များနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိရန် လိုအပ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်ရန်လိုအပ်
ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုလွှမ်းခြုံနိုင် ရန်အတွက် ပုဂ္ဂလိကအခန်းကဏ္ဍမှ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်မည်ဖြစ်ရာ စနစ်တကျ အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ လုပ်ငန်းလမ်းညွှန်များကို စနစ်တကျ လိုက်နာ ဆောင်ရွက်ရန် လိုအပ်သလို သင်တန်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုး ရာတွင် သတင်းပေးပို့ခြင်း၊ စာရင်းသွင်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆေးရုံ များပြင်ဆင်မှုနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါသည် အနည်းနှင့်အများ ဆက်လက်ရှိနေမည်ဖြစ်သည့် အတွက် စနစ်တကျ ပြင်ဆင်ထားရှိရန် လိုအပ်ကာ အရေးကြီးပါကြောင်း၊ အထူးကြပ်မတ်ကုသမှု ဆောင်ရွက်ပေးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့်လည်း အထူးကြပ်မတ်ကုသမှုဌာန (Intensive Care Unit-ICU) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အစဉ် တစိုက် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများ၌ အထူးကြပ်မတ်ကုသမှုဌာနများ အားဖြည့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ချီးမြှင့်မှုများ ဆောင်ရွက်မည်
ဆက်လက်၍ ပြည်သူ့ဆေးရုံများအားလုံး၌ ဆေးရုံအဆင့်နှင့် လျော်ညီစွာ ICU level 1, 2, 3 စသည်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွား ရန် စီစဉ်ထားပါကြောင်း၊ ဝန်ထမ်းအင်အား အခြေ အနေနှင့်အညီ အရေးပေါ် ၂၄ နာရီ တာဝန်စီစဉ် ဆောင်ရွက်ထားရန်၊ အထူးသဖြင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်တတ်သော ဆေးရုံများက ပိုမိုအလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကုသ ရေးလုပ်ငန်းများ၊ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နေကြသော ကျန်းမာရေး ဝန်ထမ်းများကိုလည်း ချီးမြှင့်မှုများ ဆောင်ရွက်မည် ဖြစ်ပြီး တာဝန်ထမ်းဆောင်ရင်း ရောဂါပိုးကူးစက် ခံရသည့် ကျန်းမာရေးဝန်ထမ်းများကို သီးခြားချီးမြှင့် မှုများ ဆောင်ရွက်ရန်လည်း စီစဉ်ဆောင်ရွက်နေသဖြင့် ရောဂါပိုးကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများ စာရင်း ပြုစုထားရှိ၍ တင်ပြထားရန် လိုအပ်ပါကြောင်း မှာကြားသည်။
ဝန်ထမ်းရေးရာများဆွေးနွေး
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထောင်စုဝန်ကြီး ရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ရာတွင် လိုက်နာရမည့် SOP ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၊ ဘဏ္ဍာ ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့နေမှု၊ ကျန်းမာရေးဝန်ထမ်းများအတွက် ရရှိသည့် ဘွဲ့/ဒီဂရီနှင့်အညီ ချီးမြှင့်ငွေပေးအပ်နေမှု၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီး များ၊ တိုင်းဒေသကြီး၊ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများ တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့်ပတ်သက်၍ ဗဟိုအဆင့်ဆေးရုံများ၊ တိုင်းဒေသကြီး/ပြည်နယ်များအား အုပ်စုခွဲကာ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်