ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အရှေ့တောင်အာရှနိုင်ငံများ ကျန်းမာရေးဝန်ကြီးများ၏ တစ်နှစ်အကြာ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေး ၂၀၂၁ အထူးဗီဒီယိုကွန်ဖရင့်သို့ တက်ရောက်ဆွေးနွေး

 

နေပြည်တော်   ဇူလိုင်   ၂၂


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည်        ယနေ့ နံနက်ပိုင်းတွင်   တစ်နှစ်အကြာ   ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေး    ၂၀၂၁   အထူးဗီဒီယိုကွန်ဖရင့်    Special VIDEO Conference of the 2021 ASEAN Health Ministers on “ASEAN COVID-19 Response after One Year” ကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဧည့်ခန်းမမှ    တက်ရောက် ဆွေးနွေးသည်။

 

အစည်းအဝေးတွင်  အာဆီယံဥက္ကဋ္ဌ  အင်ဒိုနီးရှား နိုင်ငံမှ       တစ်နှစ်အတွင်း      ဒေသတွင်းဆိုင်ရာ ကျန်းမာရေးနှင့်သက်ဆိုင်သော ကိုဗစ်-၁၉  တုံ့ပြန် ရေး အဓိကအချက်များနှင့်စပ်လျဉ်း၍  အဖွင့်အမှာ စကားပြောကြားပြီး   အာဆီယံအတွင်းရေးမှူးချုပ်မှ တစ်နှစ်အတွင်း     ဒေသတွင်းဆိုင်ရာ    ကိုဗစ်-၁၉ တုံ့ပြန်ရေး     အဓိကအချက်များနှင့်   စပ်လျဉ်း၍ အမှာစကားပြောကြားသည်။


အဓိကအကြံပြုချက်များဆွေးနွေး


ဆက်လက်၍   ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အပြည်ပြည်ဆိုင်ရာနှင့်  ဒေသ တွင်းဆိုင်ရာ လက်ရှိအခြေအနေများ၊  ဒေသတွင်းနိုင်ငံ များတွင် ဖြစ်ပေါ်လျက်ရှိသော SARS-CoV-2 မျိုးရိုး ဗီဇ ပြောင်းလဲမှုဖြစ်စဉ်များနှင့်  အဓိကအကြံပြုချက် များ ဆွေးနွေးပြောကြားသည်။ 
ယင်းနောက်         အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊    ကမ္ဘောဒီးယား၊    အင်ဒိုနီးရှား၊    လာအို၊ မလေးရှား၊  မြန်မာ၊  ဖိလစ်ပိုင်၊   စင်ကာပူ၊  ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ   ကျန်းမာရေးဝန်ကြီးများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးစီမံကိန်း၊ SARS-CoV-2    မျိုးရိုးဗီဇပြောင်းလဲမှု     စဉ်ဆက်မပြတ် စောင့်ကြည့်ရေးအစီအစဉ်များအပါအဝင်   ကိုဗစ်-၁၉ တုံ့ပြန်ရေးဆောင်ရွက်ချက်များနှင့်       ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို     နိုင်ငံတစ်ခုချင်းစီ အလိုက် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။


ကျန်းမာရေးလူ့စွမ်းအားများ နည်းပါးနေခြင်း


အစည်းအဝေးတွင်       ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက        လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အဓိကရင်ဆိုင်လျက်ရှိသော ပြဿနာ မှာ ကျန်းမာရေးလူ့စွမ်းအားများ  နည်းပါးနေခြင်းဖြစ် ကြောင်း၊  ကျန်းမာရေးဝန်ထမ်းများမှာ အကြောင်း အမျိုးမျိုးကြောင့်    ၎င်းတို့နှင့်     သက်ဆိုင်သော ကျန်းမာရေးဌာနများမှ   ကင်းကွာလျက်ရှိကြောင်း၊ နိုင်ငံအနှံ့     ကျန်းမာရေးဌာနများမှာ     ကိုဗစ်-၁၉  တတိယလှိုင်းကို     ကျန်းမာရေးဝန်ထမ်း    အလွန် နည်းပါးစွာဖြင့် ရင်ဆိုင်ဖြေရှင်းနေရပါကြောင်း။


မိမိတို့အနေဖြင့် ကျန်းမာရေးဝန်ထမ်းများ ရောဂါ ကူးစက်မှုမရှိစေရေး၊    လုံခြုံရေးကို     အဓိကထား ဆောင်ရွက်နေကြောင်း၊   ကျန်းမာရေးဝန်ထမ်းများ အတွက်  လိုအပ်သော ကူးစက်ရောဂါကာကွယ်ရေး ပစ္စည်းများ   ပြတ်တောက်မှုမရှိဘဲ     ရရှိစေရေးကို ကပ်ရောဂါ ဖြစ်ပွားမှု ကာလတစ်လျှောက် ဦးစားပေး ဆောင်ရွက်ကြောင်း၊  ကာကွယ်ဆေး  ထိုးခြင်းတွင် လည်း   ကျန်းမာရေးဝန်ထမ်းများကို   ဦးစားပေး၍ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း။


ကာကွယ်ဆေးများရရှိရန်အတွက် ကူညီ


မြန်မာနိုင်ငံတွင်   ကိုဗစ်-၁၉  ကာကွယ်ဆေးထိုး စီမံချက်ကို ၂၀၂၁ ခုနှစ်၊  ဇန်နဝါရီလတွင် စတင်ခဲ့ပြီး လက်ရှိအချိန်တွင်      ကျန်းမာရေးဝန်ထမ်းများ အပါအဝင် လူဦးရေ ၁ ဒသမ ၇ သန်းအား  ကာကွယ် ဆေးထိုးပေးခဲ့ပြီး ထပ်မံရရှိသော  ကာကွယ်ဆေးများ ဖြင့် ၂၀၂၁ ခုနှစ်၊   နှစ်ကုန်ပိုင်းတွင်   မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုအတွက်    လျာထားရည်မှန်း လူဦးရေ၏   ၅၀ ရာခိုင်နှုန်းအား    ကာကွယ်ဆေးထိုး ပေးနိုင်ရန်   ရည်ရွယ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများ  ရရှိရန်အတွက်   ကူညီဆောင်ရွက် ပေးကြ၍    ကာကွယ်ဆေး  လှူဒါန်းပေးခဲ့ကြပါသော အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားနိုင်ငံ တို့ကို ကျေးဇူးတင်ရှိပါကြောင်း။

ထို့အပြင် COVAX facility မှ   ကာကွယ်ဆေး များရရှိရေးအတွက် WHO၊ UNICEF တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့တွင်   ကိုဗစ်-၁၉ တတိယလှိုင်း      ရင်ဆိုင်နေရသည့်အတွက်    အဆိုပါ ကာကွယ်ဆေးများကို  အလျင်အမြန်ရရှိရန် မျှော်လင့် ပါကြောင်း၊ SARS CoV-2 variants မျိုးရိုးဗီဇကွဲများ ဖြစ်ပေါ်မှုအခြေအနေများကို     မြန်မာနိုင်ငံတွင်း စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး      နိုင်ငံ၏အချို့ ဒေသများတွင်   Alpha, Beta, Kappa နှင့် Delta variants များအား  တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါ     စောင့်ကြပ်ကြည့်ရှုမှုများကို   ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီးကပ်ရောဂါ တုံ့ပြန်မှုများ အား အချိန်နှင့်တစ်ပြေးညီ  ထိရောက်စွာ  ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊    အာဆီယံအဖွဲ့ဝင်နိုင်ငံများ သို့လည်း  နောက်ဆုံးရရှိသော သတင်းအချက်အလက် များအား မျှဝေသွားမည်ဖြစ်ပါကြောင်း၊  ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအတွင်း  အရေးပေါ်လိုအပ်လျက် ရှိသော Liquid အောက်ဆီဂျင်များကို  ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်    သယ်ဆောင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါသော     ထိုင်းနိုင်ငံဆိုင်ရာ အစိုးရအဖွဲ့များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့သည်      အာဆီယံပဋိညာဉ်စာချုပ်အတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်  ပူးပေါင်း ဆောင်ရွက်၍ ကိုဗစ်-၁၉ ကပ်ရောဂါအား   အာဆီယံစိတ်ဓာတ်ဖြင့် တိုက်ဖျက်သွားမည်ဖြစ်ပါကြောင်း၊    လက်ရှိတွေ့ကြုံ နေရသော    အခက်အခဲများအား   သင်ခန်းစာယူ၍ ကပ်ရောဂါ      နောက်ပိုင်းကာလများတွင်      ပိုမို ကောင်းမွန်သော         ကျန်းမာရေးစနစ်များအား တည်ဆောက်နိုင်ရေး     အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကို   တိုက်တွန်းလိုကြောင်း  ဆွေးနွေးပြောကြားသည်။ 


အာဆီယံ Portal စတင်မိတ်ဆက်


ယင်းနောက်   ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများနှင့်ပတ်သက်၍  အာဆီယံ Portal စတင်မိတ်ဆက်ခြင်းအစီအစဉ်ကို    ပြုလုပ်သည်။ ထို့နောက်    ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့်   ပတ်သက်၍ အာဆီယံ  ပူးတွဲကြေညာချက်ကို အတည်ပြုနိုင်ခဲ့ပြီး အာဆီယံ ဒုတိယဥက္ကဋ္ဌ  လာအိုပြည်သူ့သမ္မတနိုင်ငံနှင့် ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံတို့မှ   နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။          

သတင်းစဉ်