
နေပြည်တော် ဧပြီ ၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၃၈၄ ခုနှစ် နှစ်သစ်ကူး မဟာသင်္ကြန် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက နှစ်သစ်ကူးကြိုဆို နှုတ်ခွန်း ဆက်စကားပြောကြားရာတွင် တစ်နှစ်တာကာလ ပတ်လုံး အခက်အခဲများအကြားမှ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြ သည့် အရာထမ်း၊ အမှုထမ်းများအားလုံးကို ကျေးဇူး တင်ရှိပါကြောင်း၊ သင်္ကြန်ပိတ်ရက်ကာလအတွင်း မိသားစုများနှင့် အေးချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေပြီး နှစ်သစ်တွင် ကျန်းမာပျော်ရွှင်စွာဖြင့် နိုင်ငံ့အကျိုး၊ မိမိတို့ဝန်ကြီးဌာနအကျိုးအတွက် ဆက်လက်တာဝန် ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးညွန့်အောင်က နှစ်သစ်ဆုတောင်းစကားပြောကြားပြီး ဝန်ထမ်းများ အား သပြေခက်နှင့် အတာရေပက်ဖျန်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဗီနေးကူးမားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဧည့်ခန်းမ(၁)၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် နယ်စပ် ကုန်သွယ်မှု တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ တမူး-မိုရေး နယ်စပ်ဂိတ်အမှတ်(၁) ဖွင့်လှစ်နိုင်ရေးနှင့် ကုန်သွယ်မှုတွင် ဒေသသုံးငွေကြေး ဖြင့် ပေးချေနိုင်ရေးဆိုင်ရာကိစ္စ၊ ကမ်းရိုးတန်းသွား သင်္ဘောများ အသုံးပြု၍ Transit Trade ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ အကောက်ခွန် နှုန်းထား သတ်မှတ်ရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်