
နေပြည်တော် ဇန်နဝါရီ ၂၇
တတိယအကြိမ်လွှတ်တော်အစည်းအဝေးများတွင် သတင်းရယူခြင်း၊ သတင်းထုတ်ပြန်ခြင်းနှင့် သတင်းမှတ်တမ်းရယူ ခြင်းအတွက် ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လွှတ်တော် အစည်းအဝေးများ၌ သတင်းရယူခြင်း၊ သတင်းထုတ်ပြန် ခြင်းနှင့် သတင်းမှတ်တမ်းရယူခြင်းတို့တွင် မိမိတို့ နိုင်ငံပိုင် မီဒီယာများအနေဖြင့် အတွေ့အကြုံများ ရှိပြီးဖြစ်ကြောင်း၊ ယခု ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည့် တတိယအကြိမ်လွှတ်တော် အစည်းအဝေးများတွင် သတင်းရယူ ခြင်း၊ ထုတ်ပြန်ခြင်းများကိုလည်း ယခင်အတွေ့အကြုံများ အပေါ် မူတည်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြစေ လိုကြောင်း၊ သတင်းရိုက်ကူးထုတ်လွှင့်မှုများ ချို့ယွင်းမှု မရှိစေရေး၊ သတင်းဓာတ်ပုံများ အရည်အသွေးပိုမို ကောင်းမွန်စွာရရှိရေးနှင့် သတင်းများ ပြည့်ပြည့်စုံစုံနှင့် အမှားအယွင်းကင်းစွာ ဖော်ပြနိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ ပြင်ပ ပုဂ္ဂလိကမီဒီယာများမှ သတင်းသမား များ လွှတ်တော်သတင်းရယူရေးဆိုင်ရာကိစ္စရပ်များတွင် လည်း လွှတ်တော်မှ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ ဌာနအလိုက် သတင်းရယူရေး၊ သတင်းထုတ်ပြန်နိုင်ရေးနှင့် သတင်းမှတ်တမ်းရယူခြင်းအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်လှ ထွန်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြား ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ညနေ ၄ နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် The Asia Foundation မှ ဌာနေကိုယ်စားလှယ် Mr. Mark McDowell အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံ တွေ့ဆုံပြီး The Asia Foundation က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Let’s Read Program နှင့် Go Digital ASEAN Program တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်