ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် လွှတ်တော်ရုပ်သံလိုင်းများ ထုတ်လွှင့်မှုအတွက် ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် လွှတ်တော်ရုပ်သံလိုင်းများ

ထုတ်လွှင့်မှုအတွက် ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

=======================================================

 

နေပြည်တော် ဇန်နဝါရီ ၁၁

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်း အဝေးများအတွက် မြန်မာ့ရုပ်မြင်သံကြားက လွှတ်တော် ရုပ်သံလိုင်းများ ထုတ်လွှင့်နိုင်ရေးအတွက် ရိုက်ကူးမှု၊ ပေးပို့မှုနှင့် ထုတ်လွှင့်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေ မှု၊ စက်ပစ္စည်းများ တပ်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမတို့ရှိ ရုပ်သံထိန်းချုပ်ခန်းများနှင့် သတင်းမီဒီယာ များသတင်းရယူသည့်နေရာများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူ များက လွှတ်တော်အစည်းအဝေးများ ကျင်းပနေစဉ်အတွင်း လွှတ်တော်ရုပ်သံလိုင်းများ တိုက်ရိုက်ထုတ်လွှင့်နိုင်ရေးအတွက် ရိုက်ကူးမှု၊ ပေးပို့မှုနှင့် ထုတ်လွှင့်မှုဆိုင်ရာလုပ်ငန်း များဆောင်ရွက်နေမှု၊ စက်ပစ္စည်းများတပ်ဆင်ထားရှိမှု၊ အသုံးပြုလျက်ရှိသည့် နည်းစနစ်များနှင့် ချိတ်ဆက် ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ချို့ယွင်းမှု နှင့် အခက်အခဲများ ဖြစ်ပေါ်ပါက အရန်စနစ်ထားရှိ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

 

ထို့နောက် လွှတ်တော်ဝင်းအတွင်း Information and Communications Technology (ICT) ဌာနရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ စက်မှုနှင့် သတင်းရိုက်ကူး ထုတ်လုပ်သည့်အဖွဲ့များ၏ အခန်းများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

သတင်းစဉ်