ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် စာပေမူပိုင်ခွင့်ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

ရန်ကုန် ဩဂုတ် ၄

 

စာပေမူပိုင်ခွင့်ဆိုင်ရာအစည်းအဝေးကို ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၏ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် ဆွေးနွေးသည်။

သက်ရောက်မှုများရှိလာ

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ စာပေမူပိုင်ခွင့်နှင့်ပတ်သက်၍ စိတ်ကူး စိတ်သန်းဖလှယ်ရန် ပထမဆုံး တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါ ကြောင်း၊ စာပေမူပိုင်ခွင့်ဆိုင်ရာပြဿနာများ ယခင်ကတည်းက ရှိခဲ့သော်လည်း ညှိနှိုင်းဖြေရှင်းနိုင်မှုကြောင့် ပြဿနာ ကြီးမားစွာ မရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ နည်းပညာ ပြောင်းလဲလာမှုကြောင့် အွန်လိုင်းပေါ်တွင် စာပေဆိုင်ရာ ထုတ်လုပ်ဖြန့်ချိ၊ ရောင်းဝယ်ခြင်းများ၊ စာပေမူပိုင်ခွင့် ချိုးဖောက်မှု၊ အလွဲသုံးစားမှုများ ပိုများလာပြီး ဆုံးရှုံးနစ်နာမှု များနှင့်အတူ ပြဿနာများလည်း ယခင်ကထက် ပိုမိုရှုပ်ထွေးလာပါကြောင်း၊ New Media တွင်ကျယ်လာ ချိန်တွင် ပုံနှိပ်မီဒီယာ(Print Media)၏ အခန်းကဏ္ဍမှာ များစွာထိခိုက်သက်ရောက်မှုများ ရှိလာခဲ့ပါကြောင်း။

New Media ကြောင့် စာပေရေးသားမှု၊ ဖန်တီးမှု ပုံသဏ္ဌာန်များစွာ ပြောင်းလဲလာသကဲ့သို့ ဖတ်ရှုသူ၊ တစ်နည်းအားဖြင့် စားသုံးသူများ၏ပုံစံလည်း ပြောင်းလဲ လာပါကြောင်း၊ ထို့အပြင် နိုင်ငံတကာနှင့်ဆက်စပ် ဆောင်ရွက်မှုများ ယခုအခါ ပိုမိုများပြားလာသည်နှင့်အညီ နိုင်ငံတကာတွင် ကျင့်သုံးနေသော စာပေမူပိုင်ခွင့်ဆိုင်ရာများကိုလည်း လေ့လာသိရှိပြီး လိုက်လျောညီထွေ ဆောင်ရွက်နိုင်ရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် စာပေ မူပိုင်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ယခင်က ကျင်းပရန် စီစဉ်ထားရှိခဲ့သော်လည်း ကိုဗစ်-၁၉ ကြောင့် မကျင်းပနိုင် ခဲ့ခြင်းဖြစ်ပါကြောင်း၊ အခြေအနေပေးသည့်အခါ ဆက်စပ် သော နယ်ပယ်ကဏ္ဍစုံမှ ပညာရှင်များပါဝင်သည့် စာပေ မူပိုင်ခွင့်ဆိုင်ရာဆွေးနွေးပွဲကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ကျင်းပရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က စာပေ မူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲမှုအဖွဲ့အစည်းများ ဖွဲ့စည်း ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် စာပေမူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေးအတွက် စုပေါင်း ကာကွယ်တားဆီးဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် စာပေပညာ ရှင်များဖြစ်ကြသော ဆရာ ချစ်ဦးညို၊ ဆရာမ မနှင်းဖွေး၊ ဆရာမ ဂျူး၊ ဆရာ မောင်လှမျိုး(ချင်းချောင်းခြံ)၊ ဆရာမ ပုညခင် တို့ကလည်းကောင်း၊ မူပိုင်ခွင့်ဆိုင်ရာ ကျွမ်းကျင်သူ အကယ်ဒမီ ဆွေဇင်ထိုက်နှင့် ဥပဒေပညာရှင်များဖြစ်ကြ သည့် စစ်တွေ ဦးသန်းမောင်နှင့် ဦးဌေးဦးတို့ကလည်းကောင်း၊ ထုတ်ဝေသူများဖြစ်ကြသည့် ဦးမြင့်ထွန်း၊ ဦးမျိုးအောင်၊ ဦးစန်းမွန်အောင်နှင့် ဦးဝင်းလှိုင်ဦး တို့ကလည်းကောင်း၊ IT ပညာရှင် ဦးသောင်းစုငြိမ်း ကလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ကာတွန်းပညာရှင် ဦးမောင်မောင် အောင်နှင့် ဦးမောင်မောင်ဖောင်တိန်၊ ဓာတ်ပုံပညာရှင် ဦးကျော်ကျော်ဝင်း၊ ထုတ်ဝေသူ ဦးဝင်းမျိုးနှင့် ဦးဝင်းချိုတို့ လည်း တက်ရောက်ကြသည်။

စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ် မေ ၂၄ ရက်တွင် ပြည်ထောင်စုလွှတ်တော် ၂၀၁၉ ခုနှစ် ဥပဒေအမှတ် (၁၅)ဖြင့် ပြဋ္ဌာန်းထားရှိရာ အဆိုပါဥပဒေပုဒ်မ ၂ (က) အရ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပုဒ်မ ၄ (က)ပါ မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်နိုင်ရန် နှင့် ပုဒ်မ (၆၀/၆၂)တို့ အရ စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံ ခန့်ခွဲသည့် အဖွဲ့အစည်း Collective Management Organization (CMOs)များ ဖွဲ့စည်းနိုင်ရန်တို့နှင့် စပ်လျဉ်း၍ ယခုကဲ့သို့ စာပေမူပိုင်ခွင့်ဆိုင်ရာ အစည်းအဝေးအား ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်