ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကျန်းမာရေးနှင့် မူးယစ်ဆေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာမူဘောင် မိတ်ဆက်ခြင်းအခမ်းအနား တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကျန်းမာရေးနှင့် မူးယစ်ဆေးဆိုင်ရာ

အမျိုးသားအဆင့် မဟာဗျူဟာမူဘောင် မိတ်ဆက်ခြင်းအခမ်းအနား တက်ရောက်

==================================================================================================

 

နေပြည်တော် ဇန်နဝါရီ ၁၂

 

ကျန်းမာရေးနှင့် မူးယစ်ဆေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာမူဘောင် မိတ်ဆက်ခြင်းအခမ်းအနား (Launching Ceremony of the National Strategic Framework (NSF) on Health and Drugs) ကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မူးယစ်ဆေးဝါးသုံးစွဲမှုများသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သော လူငယ်လူရွယ်များတွင် ပိုမိုများပြား သဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ ကုန်ထုတ်လုပ်မှုစွမ်းအား၊ ပညာရေးကဏ္ဍအပါအဝင် ကဏ္ဍအားလုံးကို အထူးထိခိုက် ဆုံးရှုံးစေနိုင်ပါကြောင်း၊ ဤမဟာဗျူဟာမူဘောင်တွင် (၁) မူးယစ်ဆေးသုံးစွဲမှုကို ကာကွယ်တားဆီးရေး၊ (၂) မူးယစ် ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်လျှော့ချ ရေး၊ (၃) အထောက်အထားအခြေပြု မူးယစ်ဆေးစွဲရောဂါ ကုသရေး၊ (၄) ပြန်လည်ထူထောင်ရေးနှင့် လူ့အသိုင်းအဝိုင်း တွင် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် (၅) ဥပဒေများ၊ မူဝါဒများနှင့် အထောက်အပံ့ဖြစ်စေသော ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေးတို့အား ဦးစားပေးနည်းဗျူဟာ ငါးရပ် အဖြစ် ထည့်သွင်းထားရှိပါကြောင်း။

 

ဤမဟာဗျူဟာမူဘောင်ကို အကောင်အထည်ဖော် ရန်လိုအပ်မည့် ဘဏ္ဍာငွေနှင့် ရန်ပုံငွေများကို ရှာဖွေရမည့် နည်းပုံစံများနှင့် ရရှိလာပါက ဦးစားပေးနည်းဗျူဟာ ငါးရပ် အတွက် ကျိုးကြောင်းဆီလျော်စွာဖြင့် မည်သို့ခွဲဝေချထား သုံးစွဲမည်တို့ကိုလည်း ယခုအချိန်မှစတင်၍ သုံးသပ်စဉ်းစား ထားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အပါအဝင် နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ သည်အရေးကြီးပြီး ဌာန/ အဖွဲ့အစည်းတစ်ခုချင်းစီမှ မဟာ ဗျူဟာမူဘောင်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ခံ (Focal Person) သတ်မှတ်ထားရှိခြင်းနှင့် တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်းတို့ကို အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

အရေးကြီးသည့် လုပ်ငန်းများဖြစ်

 

လုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်စေရေးအတွက် မဟာဗျူဟာမူဘောင်ပါ လုပ်ငန်းများအား အကောင်အထည် ဖော် လုပ်ဆောင်သည့်အခါ လက်တွေ့သုတေသနပြု ဆန်းစစ်ခြင်းများကိုလည်း တစ်ပါတည်း မဖြစ်မနေတွဲဖက် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဤမဟာဗျူဟာမူဘောင် တွင်ပါဝင်သော လုပ်ငန်းများသည် နိုင်ငံအတွက် အရေးကြီး သည့် လုပ်ငန်းများဖြစ်သဖြင့် ဦးဆောင်ကော်မတီ (Steering Committee) ကိုလည်း ဖွဲ့စည်းသွားရန်လိုအပ်ပြီး ဦးဆောင် ကော်မတီ၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းအဖွဲ့များက ကွန်ရက် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ပိုမိုအောင်မြင်ထိရောက်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အားလုံးကို တစ်ပြိုင်နက်တည်းဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ အမှန်တကယ် နိုင်နင်းစွာလုပ်ဆောင်ရန် ဦးစား ပေးစနစ်ဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို "အဆင့် လိုက်၊ အပိုင်းလိုက်" အဆင့်ဆင့် ဆောင်ရွက်သွားခြင်းပုံစံ ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။

 

ဤမဟာဗျူဟာမူဘောင်ကို ဝန်ကြီးဌာနရှိ ပြည်သူ့ ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်နှင့် ဆေးတက္ကသိုလ် ငါးခုရှိ လူမှုရေးနှင့်ကာကွယ်ရေးဆေးပညာ ဌာနများသို့ ပေးပို့ကာ သင်တန်းသား သင်တန်းသူများအား ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်စေခြင်းဖြင့် မဟာဗျူဟာ မူဘောင်နှင့်ပတ်သက်၍ သင်တန်းသား သင်တန်းသူများ သိရှိနားလည်ကြကာ လုပ်ငန်းခွင်ဝင်ရောက်သည့်အခါ ထိရောက်စွာ ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဤမူဘောင်သည် အမျိုးသားအဆင့်မူဝါဒများ၊ အစီအစဉ် များနှင့် နည်းဗျူဟာများကို အားဖြည့်ပေးပြီး နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများမှ ကြေညာချက်များ၊ ဆုံးဖြတ်ချက်များ၊ ကတိကဝတ်များနှင့်လည်း ကိုက်ညီမှုရှိကြောင်းကို အသိပေး ပြောကြားလိုပါကြောင်း။

 

ဤအမျိုးသားအဆင့် မဟာဗျူဟာမူဘောင်တွင် မူးယစ်ဆေးထုတ်လုပ်မှု လျှော့ချရေး၊ မူးယစ်ဆေးများ ထိန်းချုပ်ရေးနဲ့ အစားထိုးဖွံ့ဖြိုးရေးစသည့် ကဏ္ဍများပါဝင် ခြင်းမရှိသေးဘဲ အဆိုပါကဏ္ဍများအတွက် သက်ဆိုင်ရာ ကဏ္ဍ၊ ဝန်ကြီးဌာနများမှ မူဘောင်များ ဆက်လက်ရေးဆွဲ ချမှတ်လုပ်ဆောင်စေလိုပါကြောင်း၊ မူးယစ်ဆေးသုံးစွဲမှုကို တားဆီးကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ယခင်က ကိုယ်တိုင်သုံးစွဲခဲ့ပြီး သုံးစွဲမှု၏ဆိုးကျိုးများကို သိရှိဖြတ်တောက်ခဲ့သူများက အသိပညာပေးခြင်းနှင့် စည်းရုံးပြောကြားခြင်းများ လုပ်ဆောင်ပါက ပိုမိုထိရောက် နိုင်မည်ဖြစ်ပါကြောင်း။

 

လျော့ကျလာနိုင်မည်

 

မူးယစ်ဆေးသုံးစွဲမှု၏ ဆိုးကျိုးများကို သိရှိတားဆီး သူများ ပိုမိုများပြားလာကာ အချင်းချင်းသတိပေး ပြောဆို ခြင်းအားဖြင့် မူးယစ်ဆေးသုံးစွဲမှု လျော့ကျလာနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းတွင် ၉ ဒသမ ၇ သန်းခန့်ရှိသော အခြေခံပညာ ကျောင်းသား ကျောင်းသူများတွင် မူးယစ် ဆေး၏ ဆိုးကျိုးများသိရှိကာ မူးယစ်ဆေး တားဆီးကာကွယ် ရေးအသိပညာများ ကြွယ်ဝခြင်းဖြင့် ၎င်းတို့မှတစ်ဆင့် အခြားသူများထံ ပျံ့နှံ့ရောက်ရှိသွားရန်ကို မိမိတို့ အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဤအမျိုးသားအဆင့် မဟာဗျူဟာမူဘောင်ပါလုပ်ငန်းများကို ပါဝင်ဆောင်ရွက်သူ များအားလုံးက မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် အလေးထားကာ လက်တွဲ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ အဖိုးတန်သော လူ့စွမ်းအားအရင်းအမြစ် များအား အတွင်းလှိုက်စားဖျက်ဆီးနေသည့် မူးယစ်ဆေးစွဲမှု ပြဿနာကို ဦးတည်ဖြေရှင်းကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် UNAIDS ၏ Country Director Mr. Oussama Tawil က ကျန်းမာရေးနှင့် မူးယစ်ဆေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာမူဘောင်ရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး The United Nations General Assembly Special Session (UNGASS) on the World Drug Problem in 2016 တွင် “၂၀၃၀ ပြည့်နှစ်၌ မူးယစ်ဆေးသုံးစွဲသူများနှင့် မူးယစ်ဆေးထိုးသုံးစွဲသူများအကြား ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် တီဘီရောဂါသာမက အသည်းရောင် အသားဝါရောဂါနှင့် အခြားကူးစက်ရောဂါများမှ ကင်းဝေး ရေး” ကို မြန်မာနိုင်ငံမှ ကတိကဝတ်ပြုခဲ့ကာ အဆိုပါ ကတိကဝတ်ကို အခြေခံ၍ ဤမဟာဗျူဟာမူဘောင်ကို ရေးဆွဲခဲ့ပါကြောင်း ပြောကြားသည်။ ထို့နောက် ကျန်းမာရေး နှင့် မူးယစ်ဆေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ မူဘောင် ဖြစ်ပေါ်လာပုံအကျဉ်းချုပ်နှင့် မူးယစ်ဆေး သုံးစွဲခြင်းနှင့် ယင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများသာမက ခုခံအားကျဆင်းမှုရောဂါနှင့် ဆက်နွှယ်နေပုံများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာ လွင်က ကျန်းမာရေးနှင့် မူးယစ်ဆေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာမူဘောင် ဖြစ်ပေါ်လာပုံနှင့် ၎င်းမူဘောင် တွင်ပါဝင်သော မဟာဗျူဟာလမ်းညွှန်ချက် ငါးရပ်နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသွားပြီး မဟာဗျူဟာလမ်းညွှန် ချက် တစ်ခုစီအတွက် အဓိကလိုအပ်ချက်/ ကွာဟချက်များ နှင့် ရှေ့လာမည့် နှစ်နှစ်တာကာလအတွင်း ဆက်လက် ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစုများကို ဆွေးနွေး တင်ပြသည်။

 

မွန်းလွဲပိုင်းတွင် အမျိုးသားအဆင့် မဟာဗျူဟာ မူဘောင်၏ ဦးစားပေးနည်းဗျူဟာ ငါးရပ်အား လက်တွေ့ အကောင်အထည်ဖော်ရေးအတွက် ဦးစားပေးလုပ်ငန်းများ၊ ကဏ္ဍအလိုက် ဆောင်ရွက်မည့် ဌာန/ အဖွဲ့အစည်းများ၊ လုပ်ငန်းအလိုက်ဆောင်ရွက်မည့် အချိန်ကာလ သတ်မှတ် ချက်များ၊ လုပ်ငန်းဆန်းစစ်ခြင်း ဆောင်ရွက်ရန် အချက်များ အား ချထားသတ်မှတ်ရန်အတွက် ဦးစားပေး နည်းဗျူဟာ အလိုက် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိသူ များက အဖွဲ့ငယ်များဖွဲ့ကာ ဆွေးနွေးခြင်း၊ ဆွေးနွေးချက်များ အား တင်ပြခြင်းနှင့် တက်ရောက်လာကြသူများက အပြန် အလှန် မေးမြန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

 

မြန်မာနိုင်ငံရှိ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ အသုံးပြုခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေးနှင့် ဥပဒေဆိုင်ရာ အပြန်အလှန်ဆက်စပ်ဖြစ်ပေါ် နေသည့် နောက်ဆက်တွဲ အကျိုးဆက်များကို ပိုမိုထိရောက် စွာ အရေးယူတုံ့ပြန်နိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် UNAIDS သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့နှင့်ပူးပေါင်းကာ ကျန်းမာရေးနှင့် မူးယစ်ဆေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာမူဘောင် ရေးဆွဲ ခြင်းလုပ်ငန်းကို ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်တွင် ထုတ်ဝေထားသည့် စာတမ်းအများ အပြားအား ပြန်လည်သုံးသပ်ခြင်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သူများစွာတို့ထံမှ အကြံဉာဏ်များရယူခြင်းတို့ ဖြင့် အချက်အလက်များ စုစည်းတင်ပြထားခြင်း ပါဝင် သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်ထဲရေး ဝန်ကြီးဌာန မူးယစ်ဗဟိုမှ ရဲမှူးချုပ်နှင့် ရဲမှူးကြီး၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဗီဒီယိုကွန်ဖရင့်မှ တက်ရောက်ကြသော နှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူ များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီသီးမှ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူ များ၊ မူးယစ်ဆေးစွဲကုနှင့်သုတေသနဌာနမှ စီမံချက် မန်နေဂျာနှင့် တာဝန်ခံဆရာဝန်များ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းနှင့် ပြည်ပ အစိုးရမဟုတ်သော လူမှုရေးအသင်း အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ သည်။

 

သတင်းစဉ်