
နေပြည်တော် ဇန်နဝါရီ ၂၆
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး များနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံသို့ ပထမအသုတ်အနေဖြင့် ရောက်ရှိလာသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးကို ဇန်နဝါရီ ၂၇ ရက်တွင် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ထမ်းများအား စတင်ထိုးနှံ တော့မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် လတ်တလောလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ထပ်မံဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ် မည့်အချက်များကိုဆွေးနွေးရန် ယခုအစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့်အခြားသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်နေရုံသာမက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကိုပါ အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင် နေသည့်အတွက် ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း။
ကမ္ဘာတစ်ဝန်းတွင် ပေါ်ပေါက်ထိုးနှံအသုံးပြုနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် ဓာတ်ခွဲခန်းနှင့် သုတေ သနလေ့လာစမ်းသပ်ရာတွင် စွမ်းရည်ထက်မြက်မှု(efficacy) ရှိသည်ကိုသာ သိရှိရသေးပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံပြီးနောက် ရောဂါကာကွယ်မှု စွမ်းရည်မည်မျှ ရှိမည်၊ ကာကွယ်နိုင်သည့် အချိန်ကာလအတိုင်းအတာ မည်မျှရှိမည် စသည့်အချက်များကို ဆက်လက်လေ့လာ နေ၍ မကြာမီပိုမို သိရှိလာမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးထိုးထားသူအတွက် ရောဂါ ကာကွယ်မှုအတိုင်းအတာတစ်ခုအထိပေးနိုင်သော်လည်း ထိုသူမှတစ်ဆင့် အခြားသူများထံ ရောဂါကူးစက်နိုင်မှု အခြေအနေကို နိုင်ငံတကာတွင် ဆက်လက်လေ့လာလျက် ရှိပါကြောင်း။
သေချာစွာ အပြန်အလှန်ဖတ်ရှုထား
သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (mask) များ မတပ်ဆင် ခြင်းကဲ့သို့သော အပြုအမူမျိုး (လုံးဝ) လုပ်ဆောင်၍ မရပါ ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်စေ၊ မထိုးနှံရသေးသူဖြစ်စေ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်း များကို ဆက်လက်၍ တိကျစွာမဖြစ်မနေလိုက်နာကျင့်သုံး နေရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာ တွင် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များအကြား ဆက်သွယ်ချိတ်ဆက်မှုလမ်းကြောင်း များသည် ကာကွယ်ဆေးထိုးနှံသည့်ကိစ္စရပ် အောင်မြင်နိုင်ရန် အထူးအရေးကြီးသဖြင့် ကာကွယ်ဆေး ဆက်လက်ထိုးနှံ မည့် ကာလတစ်လျှောက်လုံး အမြဲမပြတ် အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်နေရမည်ဖြစ်ပါကြောင်း၊ ကာကွယ် ဆေးအာနိသင်မလျော့ကျစေရေးအတွက် ကာကွယ်ဆေး အအေးလမ်းကြောင်းစနစ်နှင့် ထားသိုမှုစနစ်အပြင် ဆေးထိုး သည့်အချိန်၌လည်း သတ်မှတ်ထားသော စံအတိုင်းဖြစ်စေ ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန် ရှိသူဆရာဝန်နှင့် ဆရာမများက ဦးစားပေး ကြီးကြပ်ကြစေ လိုပါကြောင်း၊ ဗဟိုမှပေးပို့ထားသော ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံမှုနှင့် ထိုးနှံပြီး ဆက်လက်စောင့်ကြပ်ကြည့်ရှု ရမည့်ကိစ္စရပ်များနှင့် ပတ်သက်သော လုပ်ငန်းလမ်းညွှန် ချက်အားလုံးကိုလည်း သေချာစွာ အပြန်အလှန်ဖတ်ရှုထား ကြရမည်ဖြစ်ပါကြောင်း။
ပြည်သူများ၏ အသံကိုလည်း အမြဲတမ်းနားထောင်
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် နေရာဒေသ အလိုက် သွားလာရခက်ခဲမှုအခြေအနေ၊ လုံခြုံရေးအခြေအနေ၊ ထိုးနှံရမည့် လူဦးရေစသည်တို့ မတူညီသဖြင့် ထိုးနှံမည့်ရက် အတိုင်းအတာလည်း တစ်ပြေးညီတူညီရန် မလိုပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများအနေဖြင့် ဗဟိုမှ တာဝန် ရှိသူများနှင့်တိုင်ပင်ကာ လိုအပ်သလို ချိန်ဆပြောင်းလဲ၍ လုပ်ကိုင်နိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အတွက် သဏ္ဌာန်တူစားပွဲတင်လေ့ကျင့်ခန်းများ၊ မွမ်းမံ သင်တန်းများ ပြုလုပ်ထားကာ ကြိုတင်ပြင်ဆင်ထားမှုများ နှင့်အညီ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ရမည်ဖြစ် ပြီး ကြိုတင်ပြင်ဆင်မှုများရှိသော်လည်း မမျှော်မှန်းနိုင် သောကိစ္စရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက အချိန်နှင့် တစ်ပြေးညီ ဆုံးဖြတ်ချက်ချဆောင်ရွက်ကြရမည် ဖြစ် ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်ကြီး များနှင့် တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အပြင် ပြည်သူများ၏ အသံကိုလည်း အမြဲတမ်းနားထောင်၍ လိုအပ်သလို ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှူးများက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းလက်တွဲဆောင်ရွက် နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ မြို့နယ်အဆင့်မွမ်းမံ သင်တန်းများ ပြုလုပ်ထားမှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိမှုအခြေအနေ၊ ကာကွယ်ဆေးများသိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲ ခြင်း၊ ကာကွယ်ဆေးထိုးစုရပ်များ စနစ်တကျစီစဉ် ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲ ပြဿနာများကို စောင့်ကြပ်စစ်ဆေးခြင်း၊ ကာကွယ်ဆေး ထိုးနှံခြင်းကို မှတ်တမ်းတင်ခြင်းနှင့် စောင့်ကြည့်စစ်ဆေး ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူ လူထုကို ဆက်သွယ်ပြောဆိုခြင်း လုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စာရင်းများပြုစု ထားရှိမှုနှင့် အခက်အခဲ၊ ကာကွယ်ဆေးထိုးနှံမည့်နေရာ ပြင်ဆင်ထားရှိမှု၊ ကာကွယ်ဆေးထိုးနှံပေးမည့် အဖွဲ့များနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ ဖွဲ့စည်းထား၍ တာဝန်ချထားမည့်အစီအစဉ်၊ ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကို စောင့်ကြပ်ကြည့်ရှုမည့် လုပ်ငန်း၊ လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး က တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေး ကာ ဖြည့်ဆည်းဆောင်ရွက်ရန်ကိစ္စရပ်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အကြံပြုချက်များ ရယူဆွေးနွေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယနေ့ မွန်းလွဲပိုင်းတွင် အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) နှင့် ကာကွယ်ဆေးထိုးပြီးနောက်ဖြစ်ပေါ်သော နောက်ဆက်တွဲ ပြဿနာများကို နည်းပညာဖြင့် အကြောင်းရင်းရှာဖွေ ဆုံးဖြတ်ရန် စီမံခန့်ခွဲမှုကော်မတီ (Adverse Events Following Immunization Management Committee) တို့နှင့် တွေ့ဆုံခဲ့၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများအတွက် အကြံပြုချက်များ ရယူဆွေးနွေးသည်။
ထိုသို့ ဆွေးနွေးရာတွင် ယခုပထမအသုတ်ရောက်ရှိ ထိုးနှံမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ ဘေးကင်း လုံခြုံမှု (vaccine safety) ကိစ္စရပ်များ၊ ကာကွယ်ဆေးထိုးနှံ ရန် စီစဉ်ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ကာကွယ်ဆေး ထိုးနှံရာတွင် ကြုံတွေ့နိုင်သည့်ကိစ္စရပ်များ၊ ကာကွယ်ဆေး ထိုးနှံရာတွင် ကောလာဟလများ၊ သတင်းအမှားအမျိုးမျိုး ပေါ်ပေါက်လာမည့်ကိစ္စရပ်များ၊ ကာကွယ်ဆေးထိုးနှံပြီး နောက် စောင့်ဆိုင်းသည့်နေရာတွင် မိနစ် ၃၀ ခန့် စောင့်ဆိုင်း ရမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးလျှင် သာမန် လက္ခဏာများ ရာခိုင်နှုန်း အနည်းအများရှိမှု၊ ပြင်းထန်သော တုံ့ပြန်မှုရှိပါက ကာကွယ်ဆေးထိုးနေရာတွင် ချက်ချင်းပြုစု ကုသမှုပေးမည့်ကိစ္စ၊ နေအိမ်သို့ ပြန်ရောက်ပြီးနောက်တွင် မည်သို့သော လက္ခဏာများရှိပါက မည်သူ့ထံသို့ ဆက်သွယ် ရမည်နှင့် မည်သည်တို့လုပ်ဆောင်ရမည်ကို ကာကွယ်ဆေး ထိုးနှံ ခံမည့်သူများအား အသိပေးထားမည့်ကိစ္စအပါအဝင် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ်ပြောဆိုခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကို စောင့်ကြပ်စစ်ဆေးခြင်းလုပ်ငန်းနှင့် ပတ်သက်သောကိစ္စရပ်များ၊ ကာကွယ်ဆေး ၏ တုံ့ပြန်မှု (reaction) ရှိနိုင်ရုံသာမက စိုးရိမ်ကြောင့်ကြမှု (Immunization anxiety-related reaction)နှင့် ကာကွယ် ဆေးကြောင့်မဟုတ်ဘဲ အခြားသောအကြောင်းများကြောင့် ဖြစ်သော တိုက်ဆိုင်မှုဖြစ်ရပ်(Coincidental event) များ လည်း ရှိနိုင်မှုစသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုကြသည်။
ဆွေးနွေးအကြံပြုမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ အငြိမ်းစား ပါမောက္ခကြီး များနှင့် ပညာရှင်ကြီးများက ပြည်သူများအကျိုးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းကိစ္စများတွင် ကြိုးပမ်းပါဝင်ဆောင်ရွက်နေမှုများနှင့် ကျွမ်းကျင်မှုပိုင်းပညာရပ်ဆိုင်ရာ အကြံပြုမှုများအပေါ် ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
တက်ရောက်
ယနေ့ ဆွေးနွေးပွဲများသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ တာဝန် ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းတာဝန်ရှိသူများ၊ အငြိမ်းစား ပြည်သူ့ကျန်းမာ ရေး ပညာရှင်ကြီးများ၊ ကာကွယ်ဆေးပညာရှင်ကြီးများ၊ ဆေးပညာပါမောက္ခများ၊ ကလေးဆေးပညာ ပါမောက္ခများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်