ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အသွားအလာကန့်သတ်နေရာအဖြစ်အသုံးပြုမည့် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်သို့ သွားရောက်ကြည့်ရှု

 
 
 
ရန်ကုန် မတ် ၂၂
 
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်သို့ သွားရောက်၍ COVID-19 ရောဂါ ဖြစ်ပွားရာနေရာဒေသ၊ နိုင်ငံများမှ ပြည်တွင်း သို့ပြန်လည်ရောက်ရှိလာကြသူများနှင့် ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများမှ မည်သည့်ရောဂါလက္ခဏာတစ်စုံ တစ်ရာမျှမရှိသူများအား အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းများ ဆောင်ရွက် ရာ၌ ထားရှိရန်အတွက် “ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ” မှ ပံ့ပိုးပေးသော နေရာများ စီစဉ်နေမှုကို လှည့်လည်ကြည့်ရှုသည်။
 
 
ထိုသို့သွားရောက်ကြည့်ရှုရာတွင် ပြည်ထောင်စုဝန်ကြီးက အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်းဆောင်ရွက်ရာ ယခုကျောင်းတိုက် တွင် လုပ်ငန်းကြီးကြပ်ရန် တာဝန်ခံအရာရှိတစ်ဦးနှင့် လုပ်ငန်းဆောင်ရွက်ရန် ကျန်းမာရေးအဖွဲ့များ တာဝန်ချထားရမည်ဖြစ်ပါကြောင်း။
 
 
ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များတွင် အသုံးပြုရန်အတွက် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဝေဘာဂီအထူးကုဆေးရုံနှင့် တောင်ဥက္ကလာပ မိခင်နှင့် ကလေးဆေးရုံသို့ ဘဏ္ဍာငွေများ ထပ်မံခွဲဝေချထား ပေးခဲ့ပါကြောင်း။
 
 
ဖြည့်ဆည်းဆောင်ရွက်
 
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဆုံးဖြတ်ချက် များ ချမှတ်ဆောင်ရွက်ရန်မှာ အချိန်နှင့်အမျှအရေးကြီးသဖြင့် မိမိအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများအား လုပ်ပိုင်ခွင့် (delegation of authority) အပြည့်အဝပေးအပ်ထားပါကြောင်း၊ ဆုံးဖြတ်ချက်ချလုပ်ဆောင်ရန်ရှိသည်များကို လုပ်ဆောင်ပြီး ဗဟိုအဆင့်သို့ သတင်းပေးပို့ရန်သာဖြစ်ပါကြောင်း ပြောကြားပြီး အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန် မှာကြားသည်။
 
 
ညှိနှိုင်းမှုများပြုလုပ်
 
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းတိုက် အကျိုးတော်ဆောင်အဖွဲ့တို့သည် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းမှုများပြုလုပ်သည်။
 
 
“ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ” ၏ ပံ့ပိုးမှုဖြင့် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
 
 
အဆိုပါကျောင်းတိုက်၏ အဆောင်များတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံယူသူ ၄၀၀ ခန့်ကို ထားရှိနိုင်မည်ဖြစ်ပြီး ယနေ့ညတွင် စတင်ထားရှိ အသုံးပြုနိုင်ရန် စီစဉ်ထားရှိကြောင်းသိရသည်။
 
 
သတင်းစဉ်