
နေပြည်တော် ဒီဇင်ဘာ ၁၆
ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု အခက်အခဲဖြေရှင်းရေး ခွဲခြမ်း စိတ်ဖြာမှု (Public Financial Management Debottle-necking Analysis) နှင့် ဘဏ္ဍာငွေစီမံခန့်ခွဲမှုလမ်းပြမြေပုံ (Financial Management Roadmap-FMR)အစည်းအဝေး ကို ယနေ့မွန်းလွဲ ၂ နာရီက Virtual Event ဖြင့် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတက်ရောက်၍ အဖွင့်အမှာစကား ပြောကြား သည်။
ထိရောက်အကျိုးရှိစွာ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု အခက်အခဲ ဖြေရှင်းရေး ခွဲခြမ်းစိတ်ဖြာမှုနှင့် ဘဏ္ဍာငွေစီမံခန့်ခွဲမှု လမ်းပြမြေပုံ ရေးဆွဲရာ၌ ပံ့ပိုးကူညီခဲ့ကြသော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပသမဂ္ဂတို့အား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအစီရင်ခံစာနှင့် ထောက်ခံ အကြံပြုချက်များအတိုင်း ပညာရေးဝန်ကြီးဌာနက ထိရောက် အကျိုးရှိစွာ အကောင်အထည်ဖော်မည်ဆိုပါက နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍအတွက် ဘဏ္ဍာ ငွေများကို နှစ်စဉ်တိုးမြှင့် ခွင့်ပြုပေးလျက်ရှိသဖြင့် ယုံကြည်မှု ပိုမိုအားကောင်းရန် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ ပညာရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲသော အကျိုး အမြတ်များကို ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုစနစ်သည် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြည်သူများသို့ ဝန်ဆောင်မှုပေးရာတွင် စွမ်းဆောင်ရည် မြင့်မားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ ရှိစေရေးအတွက် ပံ့ပိုးပေးပါကြောင်း။
အခွင့်အလမ်းများ ရရှိမည်
ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု အခက်အခဲဖြေရှင်းရေး ခွဲခြမ်းစိတ်ဖြာမှုနှင့် ဘဏ္ဍာငွေစီမံခန့်ခွဲမှုလမ်းပြမြေပုံတို့ သည် ပညာရေးပြုပြင်ပြောင်းလဲမှုခရီးစဉ်တွင် အရေးကြီး သည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ဤသုံးသပ်ချက်တွင် ပညာရေးကဏ္ဍ၏ ဘဏ္ဍာငွေလည်ပတ်ရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများကို ပိုမိုသိရှိနားလည်စေရန်နှင့် ထိုအခက်အခဲများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဖော်ပြထားပါကြောင်း၊ အရည်အသွေးရှိသည့်လူတိုင်း အကျုံးဝင်ပညာရေးစီမံကိန်းတွင်ပါဝင်သည့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်အတွက် လမ်းပြမြေပုံတစ်ခုဖြစ်ပြီး သက်ဆိုင်ရာဦးစီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ဘဏ္ဍာကို ပွင့်လင်းမြင်သာစွာ၊ ထိရောက် အကျိုးရှိစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကောင်းစွာ အသုံးချနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဤလမ်းပြမြေပုံကို အကောင်အထည်ဖော်ရာတွင် ပညာရေး ဝန်ကြီးဌာနသည် ဆက်စပ်ဝန်ကြီးဌာနများ၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပသမဂ္ဂတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများ ရရှိမည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံဆိုင်ရာ Country Director ဖြစ်သူ Ms. Mariam J.Sherman နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ Deputy Head of Cooperation ဖြစ်သူ Mrs. Kristina Bunde တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် အစီအစဉ်အရ အစည်းအဝေးကို ဆက်လက် ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့ငွေစာရင်းပူးတွဲကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပသမဂ္ဂတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်