
နေပြည်တော် မတ် ၉
အကြိမ် (၃၀) မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ သီးသန့်အစည်းအဝေးကို လာအိုနိုင်ငံ လွန်ပရာဘန်မြို့၌ မတ် ၈ ရက်မှ ၉ ရက်အထိ ကျင်းပရာ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြ သည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းက အာဆီယံစီးပွားရေးဝန်ကြီး များ အစည်းအဝေး အကြိုညစာစားပွဲသို့ တက်ရောက်ပြီး ယနေ့တွင် အကြိမ် (၃၀) မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် လာအိုနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Malaithong Kommasith က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တီမော လက်စ်တေနိုင်ငံတို့မှ စီးပွားရေးဝန်ကြီး များ၊ အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ စီးပွားရေးအကြံပေးကောင်စီ အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အကြံပြုချက်များ တင်ပြ
အစည်းအဝေး ပထမပိုင်းတွင် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွား ရေး အကြံပေးကောင်စီတို့ မျက်နှာစုံညီ အစည်းအဝေးကို ပြုလုပ်ပြီး အဆိုပါ အစည်းအဝေးတွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီက ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် ဒေသတွင်း စီးပွားရေးပေါင်းစည်း မှုနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်မှု ပိုမိုခိုင်မာအားကောင်းလာစေရေး အကြံပြုချက်များကို တင်ပြကြသည်။
အစည်းအဝေး ဒုတိယပိုင်းတွင် အာဆီယံစီးပွားရေးဝန်ကြီးများက (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေး၏ ရလဒ်များအရ အာဆီယံစီးပွား ရေးမဏ္ဍိုင်မှ ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းများ၊ ဒေသတွင်းနှင့် ကမ္ဘာ့စီးပွား ရေး၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင် ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ်များ၊ ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက် ရမည့် နှစ်အလိုက် အေအီးစီ ဦးစားပေး လုပ်ငန်းစဉ်များ၊ အာဆီယံစီးပွားရေး ဆိုင်ရာ သဘောတူစာချုပ်များ လက်မှတ် ရေးထိုးရေး ကိစ္စများ၊ အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့် မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံဒစ်ဂျစ် တယ်စီးပွားရေးမူဘောင် သဘောတူ စာချုပ်ညှိနှိုင်းမှု၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ရေရှည်တည်တံ့မှုနှင့် စပ်လျဉ်း၍ အာဆီယံမှ ဆောင်ရွက်လျက် ရှိသည့် ကနဦးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ် တိုးတက်မှုများ၊ အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ လမ်းပြမြေပုံ အကောင်အထည်ဖော်မှုအခြေအနေနှင့် ၂၀၂၅ အလွန် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်အရ အာဆီယံစီးပွားရေး အသိုက်အဝန်းမှ မဟာဗျူဟာလုပ်ငန်းစဉ် ရေးဆွဲရေးကိစ္စများ၊ အာဆီယံလွတ်လပ် သောကုန်သွယ်မှု သဘောတူစာချုပ်များ တွင် ထည့်သွင်းပြဋ္ဌာန်းလာသည့် အသစ် နှင့် ပေါ်ထွန်းဆဲကိစ္စရပ်များနှင့်စပ်လျဉ်း သည့် လေ့လာမှု၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူ စာချုပ် (၃.၀) အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှု ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အကောင်အထည် ဖော်မှုတို့အပေါ် ဆွေးနွေးခြင်း၊ လမ်းညွှန်မှု ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။ ထို့ပြင် အစည်းအဝေးကာလအတွင်း ဝန်ကြီး များက စည်းနှောင်မှုမရှိသည့်ပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အာဆီယံဝန်ဆောင်မှု လွယ်ကူချောမွေ့ စေရေး မူဘောင်ကို အတည်ပြုကြ သည်။
ဆက်လက်ထိန်းသိမ်းရန် အရေးကြီး
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ၂၀၂၄ ခုနှစ်အတွက် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများ ကို အခြားအာဆီယံ စီးပွားရေးဝန်ကြီးများ နှင့်အတူ အတည်ပြုကြောင်း၊ ယင်းဦးစား ပေးလုပ်ငန်းများသည် လက်ရှိအချိန်အခါ နှင့်ကိုက်ညီသည့် လုပ်ငန်းစဉ်များဖြစ် ကြောင်း၊ ယခုနှစ်အတွင်း ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ယင်းလုပ်ငန်းစဉ်များ ကို ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် သက်ရောက်မှုများ၊ ဖြေရှင်းရမည့်နည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ် သောကုန်သွယ်မှု သဘောတူစာချုပ် (၃.၀) အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှုများကို ၂၀၂၄ ခုနှစ်တွင် ပြီးစီးရန်အတွက် စေ့စပ် ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ရန် လိုအပ် ကြောင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အထောက် အကူပြုယူနစ် တည်ထောင်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင် နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက် လျက်ရှိကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း အာဆီယံ၏ တန်းတူညီမျှ မှု၊ အပြန်အလှန်တာဝန်ဝတ္တရားနှင့် အာဆီယံအချက်အချာကျမှု (Centrality) ကို ဆက်လက်ထိန်းသိမ်းရန် အရေးကြီး ကြောင်း ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိ ဒေါက်တာမာလာမျိုးညွန့်နှင့် ဘာသာရပ် ဆိုင်ရာတာဝန်ခံများ တက်ရောက်သည်။
ဝန်ကြီးများအဆင့် အစည်းအဝေး အတွက် အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိများ၏ အကြိုညှိနှိုင်းအစည်းအဝေး ကို ၂၀၂၄ ခုနှစ် မတ် ၈ ရက်တွင် ကျင်းပခဲ့ ရာ မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိဖြစ်သူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်သည်။
အဓိကထားဆွေးနွေး
ယင်းအစည်းအဝေးသည် ဒစ်ဂျစ်တယ် စီးပွားရေး (Digital Economy)၊ ပတ်ဝန်း ကျင်ကို ထိခိုက်မှုလျော့နည်းစေသည့် စီးပွားရေး(Circular Economy)၊ ကာဗွန် လျှော့ချရေး (Carbon Neutrality)၊ အပြာ ရောင် စီးပွားရေး (Blue Economy)၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ထောက်ပံ့ ပို့ဆောင်ရေးကွင်းဆက် (Supply Chain) သို့ဝင်ရောက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး၊ ဒေသ တွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးပေါင်းစည်းမှု ကိစ္စရပ်များကို အဓိကထားဆွေးနွေးသည့် အစည်းအဝေး ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်