
နေပြည်တော် ဧပြီ ၁၀
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အေဂျင်စီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ရန်ပုံငွေစီမံ ခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန် ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) တွင် MSME လုပ်ငန်းရှင်များအား ချေးငွေများ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ထို့ကြောင့် ချေးငွေများ ထုတ်ချေးရာတွင် အကျိုးရှိထိရောက်စေလိုကြောင်း၊ ချေးငွေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးပေးရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ အနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်အောင် အဓိက ဆောင်ရွက်လျက်ရှိ၍ လုပ်ငန်းရှင်များ လုပ်သာ ကိုင်သာရှိသည့် လုပ်ထုံးလုပ်နည်းများ ဖြစ်ရန်လည်း အရေးကြီးကြောင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေး ရန်ပုံငွေမှ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ များကို မတည်ထားသဖြင့် ချေးငွေများ မပျောက် ပျက်ဘဲ လည်ပတ်စီးဆင်းနေအောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် ချေးငွေထုတ်ချေးပေးရေးနှင့်ပတ်သက်၍ အဖြေ တစ်ခုရရှိအောင် ဆွေးနွေးပေးစေလိုကြောင်း ပြော ကြားသည်။
ဆက်လက်၍ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး က MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ အေဂျင်စီရုံးခွဲများမှတစ်ဆင့် MSME ချေးငွေများကို လျှောက်ထားမှု၊ စိစစ်နေမှုနှင့်စိစစ်ပြီး လျှောက်လွှာ များအား ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သို့ ပေးပို့ထားမှု၊ ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်ပတ်သက်၍ အကြံပြုချက်များကိုလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက MSME ချေးငွေများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို လုပ်ငန်းရှင်များ သိရှိအောင် ထုတ်ပြန်ထားရှိမှု၊ လုပ်ငန်းရှင်များ လွယ်ကူအဆင်ပြေချောမောစွာ ချေးယူနိုင်ရေးအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်သည့်အချက်များ၊ မတည်ရန်ပုံငွေ အား တိုးပွား၍ လည်ပတ်အသုံးပြုနိုင်ရေး ကိစ္စရပ် များကိုလည်းကောင်း၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ အဖွဲ့ဝင်များက MSME ချေးငွေများ ထုတ်ချေးပေးရာ တွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍လည်းကောင်း ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရပြီးကတည်းက ဆန္ဒအလျောက် စစ်မှုထမ်းဆောင် သည့်စနစ် (Voluntary Enlistment) ကိုသာ ကျင့်သုံး ခဲ့ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတစ်ဦးချင်းစီတွင် တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအမြင်နှင့် အတတ်ပညာများ သည် ပြည်သူများအားလုံး သိသင့်သိထိုက်ပြီး တတ်မြောက်ရမည့် ပညာရပ်များဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင် အာရှတို့ ပေါင်းကူးပေးသည့် ပထဝီနိုင်ငံရေးအရ အချက်အချာကျသောနေရာ၊ အင်အားကြီးနိုင်ငံများ၏ အကြားတွင် တည်ရှိနေသည့်အတွက် နိုင်ငံတော် ကာကွယ်ရေးအသိပညာနှင့် အတတ်ပညာများအား နိုင်ငံသားတိုင်း သိသင့်တတ်သင့်ကြောင်း၊ ယခု ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားအားလုံး မဖြစ်မနေတာဝန်ထမ်းဆောင် ရမည့်ပုံစံမဟုတ်ဘဲ လိုအပ်သလောက် အကန့် အသတ်ဖြင့်သာ တာဝန်ထမ်းဆောင်ရမည့် ပုံစံ ဖြစ်ကြောင်း။
မိမိတို့ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန် မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ယာယီရွှေ့ဆိုင်း ခွင့်များအပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များကိုပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက် ကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ပြည်သူ့ စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ ကင်းလွတ် ခွင့်၊ လျှော့ပေါ့ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်၊ ၎င်းတို့၏ အကျိုးခံစားခွင့်များနှင့်ပတ်သက်၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြည်သူ့စစ်မဟာ ဗျူဟာကျင့်သုံးသည့် နိုင်ငံများအတွက် အလွန်အရေး ပါသည့် ဥပဒေဖြစ်ကြောင်းများကို လည်းကောင်း ဆွေးနွေးပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်