
နေပြည်တော် ဇွန် ၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း သည် မေ ၃၀ ရက်က ပဲခူးတိုင်း ဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ)သို့ ရောက်ရှိပြီး အသေးစား စက္ကူစက်ဖြင့် စက္ကူများ ထုတ်လုပ် နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှု စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စက္ကူများ ထုတ်လုပ်ရာတွင် ယခုထက် အရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်နိုင်ရေးအတွက် စက္ကူ ထုတ်လုပ်သည့် အသေးစားစက္ကူ စက်တွင် တပ်ဆင်ထားသော စက် ပစ္စည်း အစိတ်အပိုင်းများကို ချိန်ညှိခြင်း လုပ်ငန်းစဉ်များ အသေးစိတ် ဆောင်ရွက်ရန်၊ အသေးစားစက္ကူစက်ဖြင့် ထုတ်လုပ် ထားရှိသည့် စက္ကူများကို လူသုံး ကုန်ပစ္စည်းများအဖြစ် ပြောင်းလဲ နိုင်ရေးအတွက် တီထွင်ကြံဆ ဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်း များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် သုတေသန လုပ်ငန်းများ၊ ဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းများကို ဦးစွာဆောင်ရွက် ရသဖြင့် ယခုဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို စနစ်တကျ မှတ်တမ်းထားရှိရန်၊ စက္ကူကုန် ချောများ အဆင့်မြင့်မားရေး အတွက် လိုအပ်သည့် ကုန်ကြမ်း ပစ္စည်းများကိုလည်း စမ်းသပ် အသုံးပြုနိုင်ရေး စီမံဆောင်ရွက် ရန် မှာကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည် မေ ၃၁ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီ မြို့ရှိ အမှတ်(၃၄) အကြီးစားစက်ရုံ (သာယာဝတီ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိက စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိကသို့ ရောင်းချခြင်း၊ ငှားရမ်း ခြင်း ဖက်စပ်ဆောင်ရွက်ခြင်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံရှိ ကြွေပြားထုတ်လုပ်မှုလိုင်း ကို ပုဂ္ဂလိကသို့ ငှားရမ်းထား ရှိသဖြင့် ပြည်ပသွင်းကုန်အစား ထိုး ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းဖြစ်၍ တိုးမြှင့်ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ထုတ်ကုန် အရည်အသွေးများ တိုးတက် ကောင်းမွန်စေရေး အတွက် ထုတ်လုပ်မှုလိုင်း တစ်လျှောက်တွင် ဖြည့်ဆည်းရ မည့်နေရာများ သတ်မှတ်၍ အစဉ် တစိုက် ကြပ်မတ်ဆောင်ရွက်ရန်၊ ရရှိသည့် အမြတ်အစွန်းအချို့ကို ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေးလုပ်ငန်းများ (CSR)တွင် ပြန်လည်အသုံးပြုသွားရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်း ရှင်းရေး ကြပ်မတ်ဆောင်ရွက်သွား ရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင် ရည်များ၊ ပညာရပ်များကို အပြည့် အဝ အသုံးပြုနိုင်ရေး စီမံဆောင်ရွက် ရန်၊ ဝန်ထမ်းများ လုပ်ငန်းခွင် ပျော်ရွှင်စေရေးနှင့် စက်ရုံသန့်ရှင်း သာယာလှပရေး ဆောင်ရွက်ရန် မှာကြားကာ ကြွေပြားထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် လက်ပံတန်းမြို့ရှိ တင့်တင့် ကရေကရာမုန့်လုပ်ငန်း နှင့် စားဖိုမှူးတံဆိပ် စားသောက် ကုန်လုပ်ငန်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရေး အလေးထား ဆောင်ရွက်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖန်တီးပေးနိုင်ရေးအတွက် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင် ရေး ကြိုးစားဆောင်ရွက်ရန်၊ နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အားပေးဆောင်ရွက် လျက်ရှိသဖြင့် လုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲ များကို ကူညီဆောင်ရွက်ပေးနိုင် ရေး ကွင်းဆင်းစစ်ဆေးခြင်းဖြစ်၍ တွေ့ကြုံနေရသည့် အခက်အခဲ များရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြ ပေးရန် မှာကြားပြီး ကရေကရာ ထုတ်လုပ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ငရုပ်ဆီထုတ်လုပ် သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မှော်ဘီမြို့ရှိ မြွေဆိပ် ဖြေဆေးဌာနသို့ ရောက်ရှိကာ မြင်းများ မွေးမြူထားမှု အခြေ အနေကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး မြွေဆိပ်ဖြေဆေးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော စက်ပစ္စည်းများကို တပ်ဆင်ပြီးဖြစ်၍ ရောဂါဘယ ကင်းရှင်း၍ ကျန်းမာသန်စွမ်းသော မြင်းများဖြစ်အောင် စနစ်တကျ မွေးမြူရန်၊ ဆေးဝါးသုံးမြင်းများ တွင် ရာသီအလိုက်ဖြစ်ပေါ်တတ် သည့် ရောဂါများမဖြစ်စေရေး အစဉ်အမြဲဆောင်ရွက်ရန် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်