
နေပြည်တော် ဩဂုတ် ၂၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦးမြို့ရှိ ကော်မှုန့်စက်ရုံကို ကြည့်ရှု စစ်ဆေးရာ(ယာပုံ) စက်ရုံတာဝန်ခံက လုပ်ငန်း ဆောင်ရွက်နေသည့် အစီအမံတို့ကို ရှင်းလင်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ “စိုက်ပျိုးရေးကို အခြေခံသည့် စက်မှု လုပ်ငန်းများကို အားပေးရန်နှင့် စိုက်ပျိုးရေးပစ္စည်း များကို အခြေခံသည့် ကုန်ပစ္စည်းများထုတ်လုပ်နိုင် ရေး ဆောင်ရွက်သွားရန်၊ စီးပွားရေးလုပ်ဆောင်မှုတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလိုအပ်သော်လည်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို အားပေးရန်၊ အထူးသဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ပြည်တွင်း ရှိ SME များကို အားပေးဆောင်ရွက်ရန်” လမ်းညွှန် ထားပါကြောင်း။
ထို့ကြောင့် စက်ရုံပိုင်မြေကွက်လပ်များတွင် ရာသီဥတုနှင့် ကိုက်ညီသည့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးရန်နှင့် မွေးမြူရေးလုပ်ငန်းများကို တွဲဖက် ဆောင်ရွက်ရန်၊ လက်ရှိအချိန်တွင် စက်ရုံ၌ ထုတ်လုပ် လျက်ရှိသည့် အရက်ပြန်များကို ကောင်းမွန်သော ထုတ်လုပ်မှုနည်းစဉ် GMP Guideline များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့် အရက်ပြန်များကို ယခုထက် ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်းများကို အရည် အသွေးကောင်းမွန်ပြီး စံချိန်စံညွှန်း ပြည့်မီစွာ ထုတ်လုပ်နိုင်ရေးအတွက် ဝန်ထမ်းများ၏ စွမ်းဆောင် ရည်များကို မြှင့်တင်ပေးရန်၊ စက်ရုံပိုင်မြေ၊ အိမ်ရာ အဆောက်အအုံ၊ စက်ပစ္စည်း စသည့် ပုံသေပိုင်ပစ္စည်း များ စီမံခန့်ခွဲမှု အစီအမံများကို အလေးထား ဆောင်ရွက်ရန်နှင့် စက်ရုံပိုင်မြေဧရိယာလုံခြုံရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ပြီး စက်ရုံအတွင်းရှိ ယခင်ကအချိုမှုန့်နှင့် ကော်မှုန့် ထုတ်လုပ်ခဲ့သည့် စက်ပစ္စည်းများနှင့် အရက်ပြန်များ ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာဂရစက်မှုနယ်မြေသို့ ရောက်ရှိပြီး အမှတ်(၁၄)အကြီးစားစက်ရုံ၊ အမှတ်(၁၅)အကြီးစားစက်ရုံနှင့် အမှတ်(၂၆) အကြီးစားစက်ရုံတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်